Part-5
ဒီမိုကရေစီ ဟူသည် (၂)
ဂရိ ဒီမိုကရေစီသမားတို့ အနေဖြင့်၊
တိုင်းပြည် အုပ်ချုပ်သော အလုပ်ဟူသည် ‘အထူး” ပုဂ္ဂိုလ်တို့သာ လုပ်ရန်မဟုတ်၊ ပုံမှန်ဦးနှောက်ရှိသည့် မည်သည့် နိုင်ငံသားမဆို ဘယ်အရာသည် တိုင်းပြည်အတွက် ကောင်းသည်၊ ဘယ်အရာက မကောင်း၊ ဘယ်အရာသည် ... တိုင်းပြည်အတွက် သင့်တော်သည်၊ ဘယ်အရာက မသင့်တော်ဟူ၍ စဉ်းစားချင့်ချိန်နိုင်စွမ်းရှိသည်ဟု မှတ်ယူသည်။ ထို့ကြောင့် တိုင်းပြည်ရေးရာ၌ သူလိုငါလို အသိဉာဏ်ရှိသည့် နိုင်ငံသားတိုင်း ပါဝင် သင့်သည်။ အုပ်ချုပ်ရေးကျွမ်းကျင်သည်၊ ဦးဆောင်နိုင်စွမ်း ရှိသည်ဆိုသော အထူးပုဂ္ဂိုလ် တစ်စုတည်း သို့မဟုတ် တစ်ဦးတစ်ယောက်တည်းကိုသာ ရွေးချယ်၍ နိုင်ငံ့ကို အပ်နှင်းလိုက်လျှင် ၎င်း (တို့) သည် လူတို့ဘာသာ ဘာဝ အတ္တ ဗဟိုပြုသမားများဖြစ်လေရာ နိုင်ငံအကျိုး စီးပွားထက် မိမိ (တို့) အကျိုးစီးပွားကိုသာ အာရုံပြု လုပ်ဆောင်သွားကြဖို့ များသည်။ ထို့ကြောင့် လူတစ်စု (တစ်ဦး) အုပ်စိုးသောစနစ်ထက် အုပ်စိုးမှုတွင် လူအားလုံး ပါဝင်ခွင့်ရှိသော ဒီမိုကရေစီစနစ်က ပို၍ ကောင်းသည်၊ မှန်သည်၊ သင့်တော်သည်ဟူ၍ စွဲမြဲစွာ ယုံကြည်ကျင့်သုံးခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုရပေမည်။
သို့သော်၊ ဆိုခဲ့သည့်အတိုင်း တန်းတူညီမျှဖြစ်ဖို့ ကြိုးစားရင်းပင် ယခုခေတ် အမြင်အရ အားနည်းချက်များ ရှိခဲ့သည်။
ယနေ့ ကမ္ဘာ၌ ရှိကြသည့် ဒီမိုကရေစီဟု ခေါ်ရသည့် နိုင်ငံများမှာလည်း ဟိုဟိုသည်သည် ကဏ္ဍတို့တွင် ချို့ယွင်းချက် အားနည်ချက် အနည်းနှင့် အများဆိုသလို ရှိနေဆဲဖြစ်ရာ၊ ဒီမိုကရေစီစံချိန်ပြည့်ဖြစ်ရန်နှင့် ရောက်ရှိပြီး ဒီမိုကရေစီ အဆင့်အတန်းမှ လျော့ကျ မသွားအောင် နိုင်ငံသားတို့ မပြတ် ပါဝင်ဆောင်ရွက်ကြဖို့ လိုပေမည်။