28 w - Translate

~~~အမှတ်တရ ~~~ { ၉ } (ဇာတ်သိမ်းပိုင်း)
#ဂျူး
အခန်း -၉
“ပေါင်မုန့်တော့ ရှိတယ် ၊ မောင် ဖျားနေလို့ မကျွေးတာ ။ အေးအေးဆေးဆေးနေမှ ပြန်ပေါ့နော်”
ကျွန်းခုတင်ပေါ် သွားထိုင်၍ မောင့်ကို ကြည့်နေမိပါသည်။ မောင် အနေရခက်စွာ ကော်ဖီပန်းကန်ကို ငုံ့ကြည့်နေ၏။
ရင်ထဲမှာ တစစ်စစ် နာကျင်သော ဝေဒနာကို မသိကျိုးကျွန်ပြုလျက် မတွေ့ရတာ ကြာသော မောင့်ခန္ဓာကိုယ်ကို မက်မက်မောမော ကြည့်နေမိသည်မှာ အမှန်ပင် ဖြစ်၏။
(မောင်သည် ကျောင်းသားဘ၀တုန်းက ထက်တော့ နည်းနည်းပြည့်လာသည်။ မိမိဘ၀ကို ကျေနပ်အားရခဲ့သော လူကြီးလူကောင်း တစ်ဦး ဟန်ပါပဲ)
မောင်က ဖဲချပ်ကလေး တစ်ချပ်ကို အက်ဆစ်ကိုင်ရသလို မဝံ့မရဲ ကိုင်ကြည့်သည်။ ဟောင်းနွမ်းသော ဖဲချပ်ကလေးသည် မောင်ထားရစ်သော ပစ္စည်းတစ်ခု ဖြစ်၏။ တစ်စတစ်စပြောင်းလဲလာသော မောင့်မျက်နှာမှာ နာကျင်စူးနစ်သော ဝေဒနာက သိသိသာသာ ရုပ်လုံးပေါ်လာလေသည်။
ကျွန်မနှင့် မပတ်သက်တော့ဘူးဟု မည်သူက ပြောပါစေ။ ကျွန်မ၏ နှလုံးသားမှ စွဲမြဲစွာ ချစ်ရသော တစ်ဦးတည်း ချစ်သူမှာ မောင်သာလျှင် ဖြစ်ပါသည်။
မောင့်ခံစားချက်သည် ကျွန်မ၏ အရာ ၊ မောင့်ကျန်းမာရေးသည် ကျွန်မ၏အရာ ။ ယခုအချိန်၌ ကျွန်မက လွဲလျှင် မောင့်ကို ပြုစုမည့်သူ မရှိ ၊ ဆိတ်ငြိမ်တွန့်ဆုတ်စွာ ငေးမောနေသော မောင်သည် ကျွန်မဘက်သို့ ရုတ်တရက် လှည့်ကြည့်၏ ကျွန်မ မောင့်ကို ရိုးသားသန့်စင်စွာ ပြုံးပြရန် အားယူလိုက်သည်။ သို့သော် ကျွန်မ နှုတ်ခမ်းများ မယုံကြည်နိုင်လောက်အောင်ပင် တုန်ယင်လာကြသည်။မျက်လုံးများ ရုတ်ချည်းစိုလာသည်။ ကျွန်မ မောင့်ရှေ့မှာ နေမဖြစ်တော့ပါ။
ထိုင်ရာမှ ဖြုန်းခနဲ ထ၍ မောင့်အနီးမှ ဖြတ်လျှောက်ကာ အခန်း၀သို့ ခပ်သွက်သွက် လှမ်းမိသည်။ ငေးငိုင်နေသော မောင်သည် အိပ်ရာမှနိုး၍ ဖျတ်ခနဲ သတိရလာသလို ကုလားထိုင်မှ ရုတ်တရက် ထပြီး ကျွန်မကို လှမ်းဆွဲဖက်လိုက်သည်။
“ဟင့်အင်း”
ကျွန်မ ထိတ်လန့်စွာပင်ရုန်းထွက်ဖို့ ကြိုးစားမိ၏။ သို့သော် ပူနွေးသော မောင့် ကိုယ်ခန္ဓာနှင့် တစ်ခဏချင်းပင် ပူးကပ်သွားသည်။ ထိုအခါ ကျွန်မ ထိန်းချုပ်ထားရသော မျက်ရည်စများကို မောင် မမြင်အောင် မောင့်ရင်ခွင်ထဲသို့ ဇွတ်မျက်နှာအပ်ပစ် လိုက်ရသည်။မောင်က လက်တစ်ဘက်တည်းဖြင့် ကျွန်မကို မြဲမြံစွာ ပွေ့ဖက်ထားပြီး လက်တစ်ဘက်က ကွယ်ဝှက်ထားသော ကျွန်မ မျက်နှာကို မရမက ခေါင်းမော့စေအောင် ဆွဲပင့်ယူ၏။

#ဆက်ရန်ရှိ

image