ဂါဇာမြောက်ပိုင်း ဆေးရုံကို အစ္စရေးကဝင်ရောက်စီးနှင်းပြီး လူ ၂၄၀ ကို ဖမ်းဆီး
ဂါဇာစီးတီး၊ ဒီဇင်ဘာ ၂၉
အစ္စရေးစစ်တပ်ဟာ ဂါဇာမြောက်ပိုင်းရှိ Kamal Adwan ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းဒါဇင်များစွာအပါအဝင် ပါလက်စတိုင်း ၂၄၀ ကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနနဲ့ အစ္စရေးစစ်တပ်က ပြောပါတယ်။
လွန်မြောက်လာတဲ့ ဝန်ထမ်းအချို့ပြောပြချက်အရတော့ အစ္စရေးစစ်တပ်ဟာ သူတို့ကို ရိုက်နှက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံရတဲ့ ဆေးရုံညွှန်ကြားရေးမှူး ဟူဆန်အဘူဆာဖီယာရဲ့ ကျန်းမာရေးအတွက် စိုးရိမ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီဆေးရုံကို စစ်ဆင်ရေးကွပ်ကဲမှုစင်တာအဖြစ် ဟားမတ်စ်တို့က အသုံးပြုနေပြီး ဖမ်းဆီးခံရသူတွေဟာ စစ်သွေးကြွ သံသယရှိသူတွေဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ဆေးရုံအကြီးအကဲ အဘူဆာဖီယာကို ဟားမတ်စ်အဖွဲ့နဲ့ ဆက်နွယ်တဲ့ သံသယနဲ့ စစ်ဆေးမေးမြန်းဖို့ ခေါ်ဆောင်သွားတာလို့ အစ္စရေးကဆိုပါတယ်။
၁၅ လကြာ ဂါဇာစစ်ပွဲတလျှောက်မှာ ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေဟာ ဆေးရုံကနေ စစ်ဆင်ရေးတွေကို စီမံခဲ့တယ်လို့ အစ္စရေးစွပ်စွဲချက်တွေကိုတော့ ဟားမတ်စ်တို့က ပယ်ချထားပြီး ဒီဆေးရုံမှာ ဟားမတ်စ်အဖွဲ့ဝင်တွေမရှိဘူးလို့ပြောပါတယ်။
ဆေးရုံဝင်ရောက်စီးနှင်းခံရပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ ရပ်ဆိုင်းခဲ့ရတာကြောင့် အဲဒီဒေသမှာ ကျန်ရှိနေသေးတဲ့ ပါလက်စတိုင်း ၇၅၀၀၀ အတွက် အသက်အန္တရာယ်ကျရောက်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်သတိပေးထားသည်။
Ref:Reuters
Photo:Reuters
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး


