❝မြန်မာ့ရုပ်ရှင်ထူးချွန် ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်တွင် ကျင်းပမည်

ဒီဇင်ဘာ ၂၉

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂၇ ရက်၊ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်ဟု သိရသည်။

အဆိုပါ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန် ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ထိုအစည်းအဝေး၌ ပြောကြားသည်။
အလားတူ အခမ်းအနားကို ယခင်နှစ်ထက် ပိုမိုကောင်းမွန်အောင် စီမံဆောင်ရွက်ကြစေလိုကြောင်းနှင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရွေးချယ်ရေးအကဲဖြတ်အဖွဲ့အနေဖြင့် ဆုများရွေးချယ်ရာတွင် စနစ်တကျရွေးချယ်၍ ရသင့်ရထိုက်သူများရရှိစေရန် ဆောင်ရွက်ကြစေလိုကြောင်းလည်း ပြောကြားသည်။

ထို့ပြင် ရွှေကြိုရွေးချယ်ရေးနှင့်ပတ်သက်၍ အချက်အလက်များကို ဘက်ပေါင်းစုံမှကြည့်ပြီး ရွေးချယ်ကြစေလိုကြောင်း၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရွေးချယ်ရေးအကဲဖြတ်အဖွဲ့အနေဖြင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရွေးချယ်ရာတွင် ပြည်သူများ၏ သဘောထားအမြင်ကိုလည်း လေ့လာသုံးသပ်၍ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရွေးချယ်ဆောင်ရွက်သင့်ကြောင်းလည်း ထည့်သွင်းပြောကြားသည်။

ဆက်လက်၍လည်း ပြည်ထောင်စုဝန်ကြီးက အခမ်းအနားကျင်းပရာတွင် လစ်ဟာမှုမရှိစေရန် ကြိုတင်စီမံပြီး သတ်မှတ်အချိန်ဇယားအတိုင်း စည်းကမ်းတကျ ဆောင်ရွက်ကြစေလိုကြောင်း၊ အခမ်းအနားသို့ တက်ရောက်မည့် အနုပညာရှင်များကိုလည်း သတ်မှတ်ထားသည့်အချိန်၊ သတ်မှတ်ထားသည့်နေရာသို့ ရောက်ရှိနိုင်ရေး ကြပ်မတ်ဆောင်ရွက်စေလိုကြောင်း၊ ယမန်နှစ်ကထက် အခမ်းအနားအပြင်အဆင်၊ တင်ဆက်မှုအပိုင်းများတွင် ဆန်းသစ်သည့် စိတ်ကူးစိတ်သန်းတီထွင် ကြံဆမှုများဖြင့် ဆောင်ရွက်ကြစေလိုကြောင်း၊ ထို့အပြင် ပြည်သူများ အဆင်ပြေချောမွေ့စွာ ကြည့်ရှုနိုင်ရန်အတွက် တိုက်ရိုက်ထုတ်လွှင့်မှု (Live) အစီအစဉ်များကိုလည်း အထူးအလေးထားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

#centralnewsnaypyitaw

image