ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၄ သန်းကျော်နှင့် ထိုင်းဘတ် ၁ သန်းကျော် ထပ်မံထုတ်ရောင်း

ဒီဇင်ဘာ ၂၈

ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၄ ဒသမ ၂၅၀ သန်း၊ ထိုင်းဘတ် ၁ ဒသမ ၃၃၂ သန်းနှင့် တရုတ်ယွမ် ၄၄၀,၀၀၀ ကျော် ထပ်မံထုတ်ရောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒီဇင်ဘာလ ၂၇ ရက် (ယမန်နေ့)တွင် ထုတ်ပြန်ထားသည့် စာရင်းအရ သိရသည်။

နှစ်သစ်ကူးရုံးပိတ်ရက်များကြောင့် သွင်းကုန်တင်သွင်းမှုများပြီး နိုင်ငံခြားငွေလိုအပ်ချက် မြင့်မားလေ့ရှိသည့် ဒီဇင်ဘာလအတွင်း နိုင်ငံခြားငွေဈေးနှုန်း မြင့်တက်မှုမရှိစေရန် ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်များကို ဗဟိုဘဏ်မှ ဆက်တိုက်ထုတ်ရောင်းပေးနေခြင်းဖြစ်သည်။

ဗဟိုဘဏ်မှ နိုင်ငံခြားငွေများ ဆက်တိုက်ရောင်းချပေးခဲ့ရာ ဒီဇင်ဘာလ ၂ ရက်မှ ၂၇ ရက်အထိ လေပတ်အတွင်း ဒေါ်လာ ၁၄၃ ဒသမ ၂၅၀ သန်း၊ ထိုင်းဘတ် ၃၂၁ ဒသမ ၈၇၁ သန်းနှင့် တရုတ်ယွမ် ၁၀ ဒသမ ၉၇၈ သန်းအထိ ထုတ်ရောင်းပေးထားသည်။

ယင်းကဲ့သို့ ဆက်တိုက်ထုတ်ရောင်းပေးခဲ့၍ ဝိသမလောဘသမားများက ဒေါ်လာဈေးနှုန်း ဆွဲတင်နေသော်လည်း ယခုဒီဇင်ဘာလအတွင်း ဒေါ်လာဈေးနှုန်း ကျပ် ၅,၀၀၀ အောက်မှာသာရှိခဲ့ပြီး ယနေ့တွင် တစ်ဒေါ်လာ ၄,၄၅၀ ကျပ်၊ ထိုင်းဘတ် တစ်ဘတ် ၁၃၀ ကျပ်နှင့် တရုတ်ယွမ် တစ်ယွမ် ၆၁၂ ကျပ် ဖြစ်ပေါ်ခဲ့ပြီး ဈေးနှုန်းတည်ငြိမ်လျက်ရှိသည်။

ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်မှ နိုဝင်ဘာလ ၂၉ ရက်အထိ လေးလအတွင်း ဒေါ်လာ ၃၃၅ သန်းကျော်၊ ထိုင်းဘတ် ၁ ဒသမ ၂၇၄ ဘီလျံကျော်နှင့် တရုတ်ယွမ် ၅၆ သန်းခန့်အထိ ထုတ်ရောင်းပေးထားပြီးဖြစ်သည့်အပြင် ယခုဘဏ္ဍာနှစ် ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံလည်း သီးသန့်ထုတ်ရောင်းပေးထားသည်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image