ဒဏ်ရာကိုခွဲစိတ်ပြီးနောက် ဆာကာ နှစ်လကျော် နားရမည်
.............
တံကောက်ကြောဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ရတဲ့ အာဆင်နယ်အသင်း တောင်ပံတိုက်စစ်မှူး ဆာကာဟာ နှစ်လကျော်အနားယူရမယ်လို့ နည်းပြ အာတီတာက ပြောကြားလိုက်ပါတယ်။
အသက် ၂၃ နှစ်အရွယ် ဆာကာဟာ ဒီဇင်ဘာ၂၁ ညက ကစားခဲ့တဲ့ ပဲလေ့စ်အသင်းနဲ့ လိဂ်ဖလားပွဲစဉ်မှာ ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ အာဆင်နယ် အသင်းအနေနဲ့ အခုရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ ၂၄ ပွဲမှာ ၉ ဂိုးသွင်းပြီး ၁၃ ဂိုး ဖန်တီးပေးထားတဲ့ဆာကာလို အဓိက ကစားသမားတစ်ယောက်ကို လာမယ့်ပွဲစဉ်တွေမှာ လက်လွှတ်ထားရတော့မှာ ဖြစ်ပါတယ်။ ဆာကာရဲ့ဒဏ်ရာ ကုသမှုကို အစီအစဉ်တကျသွားနေပြီး နှစ်လကျော်လောက်တော့ အနားယူရမယ်လို့ အာတီတာက ပြောသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ အစ်ဆွစ်အသင်း နဲ့ပွဲမှာ မာတင်နယ်လီကို ညာတောင်ပံတိုက်စစ်မှာ အသုံးပြုခဲ့ပေမဲ့ ခြေစွမ်းမပြ နိုင်ခဲ့သလို အသင်းတိုက်စစ်လည်း အားနည်းသွားခဲ့ရပါတယ်။
