နိုင်ငံတော်အပေါ်သစ္စာစောင့်သိခြင်းသည် ပေးအပ်သည့်တာဝန်များအပေါ် ကျေပွန်စွာအောင်မြင်စွာ ထမ်းဆောင်ခြင်းပင်ဖြစ်ကြောင်း နစကဒုတိယဥက္ကဋ္ဌ ပြောကြား
နေပြည်တော်၊ ဒီဇင်ဘာ ၂၈
နိုင်ငံတော်အပေါ် သစ္စာစောင့်သိခြင်းသည် ပေးအပ်သည့်တာဝန်များအပေါ် ကျေပွန်စွာ အောင်မြင်စွာ ထမ်းဆောင်ခြင်းပင်ဖြစ်ကြောင်း နစကဒုတိယဥက္ကဋ္ဌ ပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယမန်နေ့တွင် ပုသိမ်မြို့ နယ်မြေခံသင်တန်းကျောင်းရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းမှ သင်တန်းသားများနှင့် တွေ့ဆုံစဉ် ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက စစ်သည်များသည် နိုင်ငံတော်အလံကို မိမိလက်ဖြင့် ကိုယ်တိုင်ထိတွေ့ပြီး သစ္စာ ၄ ချက်ကို ရွတ်ဆိုထားသည့် တပ်မတော်သားများဖြစ်သည်နှင့်အညီ နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာစောင့်သိရန်၊ မိမိရဲဘော်ရဲဘက်များအပေါ် သစ္စာစောင့်သိရန်၊ မိမိမိသားစုများအပေါ် သစ္စာစောင့်သိရန်လိုကြောင်း၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိခြင်းသည် ပေးအပ်သည့်တာဝန်များအပေါ် ကျေပွန်စွာ အောင်မြင်စွာထမ်းဆောင်ခြင်း ပင်ဖြစ်ကြောင်း၊ မိမိရဲဘော်များအပေါ် သစ္စာစောင့်သိခြင်းသည် ရဲဘော်စိတ်ဖြစ်သည့် ရဲဘော်အချင်းချင်းအပေါ်တွင် ထားရှိသည့် မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားပင်ဖြစ်ကြောင်း၊ မိသားစုအပေါ် သစ္စာစောင့်သိခြင်းမှာ မိမိကြောင့် မိမိမိသားစု ဂုဏ်သိက္ခာမကျအောင်၊ မိမိကြောင့် ပြည်သူများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်နှင့် ပြည်သူများ ထိခိုက်နစ်နာမှု မရှိအောင် ပြုမှုဆက်ဆံနေထိုင်ခြင်းပင်ဖြစ်ကြောင်း ပြောသည်။
တပ်မတော်သားအဖြစ် ခံယူထားပြီးဖြစ်သည့်သူများသည် နိုင်ငံတော်နှင့် တပ်မတော်တာဝန်များကို ၂၄ နာရီ တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့သားကောင်းရတနာများဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတစ်ဦးချင်း ရရှိပိုင်ဆိုင်ထားသည့်ဂုဏ်သိက္ခာကို မကျဆင်းအောင်၊ မဆုံးရှုံးအောင် တပ်မတော်သားတစ်ဦး၏ ကျင့်ဝတ်စည်းကမ်းများကို အမြဲထိန်းသိမ်းစောင့်ရှောက်သွားရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက တပ်မတော်သားတစ်ဦးဖြစ်သည်နှင့်အညီ ပေးအပ်လာသည့် တာဝန်များအပေါ် ကျေပွန်အောင် ထမ်းဆောင်သွားကြရန်လိုကြောင်း၊ ထို့ပြင် လေ့ကျင့်သင်ကြားပေး လိုက်သည့် စစ်အတတ်ပညာများကိုလည်း အမြဲတမ်းလေ့ကျင့်ရမည်၊ အမြဲတမ်းစစ်ရေးသတိရှိရမည်၊ အမြဲတမ်း တိုက်ပွဲဝင်အသင့်ဖြစ်ရမည်ဆိုသည့် မြဲ (၃) မြဲနှင့်အညီ အမြဲမပြတ် လေ့လာလေ့ကျင့်လိုက်နာ သွားကြရန်နှင့် ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်းဆိုသည့် ရဲ (၃) ရဲအတိုင်း ရန်သူကို ချေမှုန်းတိုက်ခိုက်ရမည်ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၆)အထိ အောင်မြင်စွာ ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးခဲ့ပြီး သင်တန်းဆင်းနိုင်ငံ့သားကောင်းများအနေဖြင့် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့များတွင် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်လျက်ရှိကြကြောင်း၊ အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းများအနက်မှ အချိန်တိုအတွင်း နိုင်ငံတော်မှ ချီးမြှင့်ပေးအပ်သည့် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ ရရှိခဲ့ကြသည်ကိုလည်း ဂုဏ်ယူဖွယ်ရာ တွေ့ရှိရကြောင်းဖြင့် ပြောကြားခဲ့သည်။
#သတင်းဟင်းလေးအိုးကြီး
