လေယာဉ်ပျက်မကျခင် ပေါက်ကွဲသံတွေ ကြားခဲ့ရကြောင်း ကာဇက်လေယာဉ်မှ အသက်ရှင်ကျန်ရစ်သူများပြော
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၈
အဇာဘိုင်ဂျန်လေယာဉ်ဟာ ပျံသန်းနေစဉ်အတွင်း လေယာဉ်အပြင်ဘက်ကနေ လေယာဉ်ကို လာရောက် ထိခတ်တဲ့ ဆူညံသံတွေနဲ့အတူ ကျယ်လောင်တဲ့ ပေါက်ကွဲသံကြားရပြီးမှ လေယာဉ်ပျက်ကျခဲ့တာဖြစ်ကြောင်း ကာဇက်စတန်မှာပျက်ကျခဲ့တဲ့ အဆိုပါလေယာဉ်မှ အသက်ရှင်ကျန်ရစ်သူတွေက ပြောပါတယ်။
အဇာဘိုင်ဂျန်ခရီးသည်တင်လေယာဉ်ဟာ ကာဇက်စတန်နိုင်ငံ အက်တောလေဆိပ်အနီးမှာ ဒီဇင်ဘာ ၂၅ ရက်နေ့(ဗုဒ္ဓဟူးနေ့) က ပျက်ကျခဲ့ရာ ခရီးသည် ၆၇ ဦးအနက် ၃၈ ဦး သေဆုံးခဲ့ကြောင်း ကာဇက်အာဏာပိုင် တွေက ပြောပါ တယ်။
လေယာဉ်ကို ရုရှားပိုင်နက် ဂရိုဇနီမြို့ ကောင်းကင်ယံမှာ ပျံသန်းနေစဉ် လေယာဉ်ကိုလာရောက်ထိခတ်တဲ့အသံ သုံး ကြိမ်ကြားခဲ့ရကြောင်း အသက်ရှင်ကျန်ရစ်တဲ့ လေယာဉ်အမှုထမ်းတစ်ဦးက ဆေးရုံပေါ်ကနေ ABC သတင်းဌာနကို သောကြာနေ့က ဖုန်းနဲ့ ပြောပါတယ်။
အဲဒီအသံတွေကြားရပြီးနောက် ဒဏ်ရာရရှိခဲ့တာကို သတိပြုမိလိုက်ကြောင်း အမည်မဖော်လိုတဲ့ အဆိုပါ လေယာဉ်အမှု ထမ်းက ပြောပါတယ်။
“ဘာက ဘယ်လိုလာထိသလဲတော့မသိဘူး။ ကြည့်လိုက်တဲ့အချိန်မှာ သွေးတွေမြင်လိုက်ရတာပါပဲ။” လို့ ၎င်းက ပြောပါတယ်။
အစပိုင်းမှာ အဆိုပါလေယာဉ်အမှုထမ်းကို အက်တောမြို့မှာ ဆေးရုံတင်ထားပေမဲ့ နောက်ပိုင်း အဇာဘိုင်ဂျန်နိုင်ငံ ဘာကူးမြို့က ဆေးရုံကို ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။
လေယာဉ်ဟာ ဘာကူးကနေ ဂရိုဇနီကို ပံျသန်းလာတာဖြစ်ပေမဲ့ မြူတွေအရမ်းကျနေလို့ လေယာဉ်ဆင်းလို့ မရတဲ့အတွက် ကာဇက်စတန်နိုင်ငံ အက်တောမြို့ကို လမ်းကြောင်းပြောင်း မောင်းနှင်လာပြီး ဆင်းသက်ဖို့ ကြိုးစားနေစဉ်အတွင်း အခုလို ပျက်ကျခဲ့တာဖြစ်ကြောင်း အဆိုပါ လေယာဉ်အမှုထမ်းကပြောပါတယ်။
ဆေးရုံရောက်နေတဲ့ ခရီးသည်တစ်ဦးကတော့ “၎င်းအနေနဲ့ ကျယ်လောင်တဲ့အသံကြီးတစ်ချက်ကြားလိုက် ပြီးနောက် အောက်ဆီဂျင်မျက်နှာဖုံးစွပ်တွေ ပြုတ်ကျလာတာကို မြင်လိုက်ရပြီး လေယာဉ်ကိုယ်ထည်ပျက်စီး သွားတာကို တွေ့လိုက် ရကြောင်း” ရိုက်တာသတင်းဌာနကို ပြောပါတယ်။
“လေယာဉ်ပျက်ကျပြီဆိုပြီး ကျွန်တော်တော့ ဘုရားစာရွတ်တော့တာပဲ။ တစ်ခုခုကြောင့် လေယာဉ်ပျက်ကျတယ် ဆိုတာ အသိသာကြီးပါ။ လေယာဉ်က စောစောကလို မဟုတ်တော့ဘဲ အမူးသမားတစ်ယောက်လို ဖြစ်နေပြီလေ။” လို့ ၎င်းက ပြောပါတယ်။
နောက်ထပ် အမျိုးသမီးခရီးသည်တစ်ဦးကလည်း လေယာဉ်တက်လာပြီး မိနစ် ၂၀/၃၀ အတွင်းလောက်မှာ ပေါက်ကွဲသံ နှစ်ကြိမ် ကြားလိုက်ရကြောင်း ပြောပါတယ်။
လေယာဉ်ပေါ်မှာပါတဲ့ ခရီးသည်တွေရော လေယာဉ်အမှုထမ်းတွေရော ဂရိုဇနီမြို့က ကောင်းကင်ထက် ရောက်တဲ့အချိန် လေယာဉ်အပြင်ဘက်မှာ တစ်ခုခုလာထိပြီး ပေါက်ကွဲသံတွေကို ကြားလိုက်ရတယ်လို့ ပြောဆိုကြောင်း အဇာဘိုင်ဂျန် သယ်ယူပို့ဆောင်ရေးဝန်ကြီးက သောကြာနေ့က ပြောပါတယ်။
ကာဇက်စတန်အာဏာပိုင်တွေရော အဇာဘိုင်ဂျန်အာဏာပိုင်တွေပါ လေယာဉ်ပျက်ကျမှုကို စုံစမ်းစစ်ဆေး နေဆဲဖြစ်ပေမဲ့ ရရှိထားတဲ့ အချက်အလက်တွေအရ ရုရှားလက်ချက်ဖြစ်နိုင်ဖွယ်ရှိကြောင်း ညွှန်ပြနေတယ်လို့ ဆိုပါတယ်။
ကနဦးစစ်ဆေးတွေ့ရှိချက်တွေအရ လေယာဉ်ဟာ ရုရှားလေကာဒုံးကျည်ကြောင့် ပျက်ကျခဲ့တာလို့ ညွှန်ပြေနေပေမဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ဆောင်ရွက်နေကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ဆက်သွယ်ရေးအရာရှိ ဂျွန်ကာ ဘီက သတင်းထောက်တွေကို သောကြာနေ့က ပြောပါတယ်။
Ref: Survivors of Azerbaijan Airlines plane crash report hearing bangs, explosions during flight: ABC News
#သတင်းဟင်းလေးအိုးကြီး


