ဗန်ကောက်မြို့၌ ကျင်းပပြုလုပ်သည့် အလွတ်သဘောဆွေးနွေးပွဲတွင် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များဆွေးနွေး

နေပြည်တော်၊ ဒီဇင်ဘာ ၂၀

ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာရစ်ဆတ်ငီရမ်ဖုန် ၏ ဖိတ်ကြားချက်အရ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘောညှိနှိုင်းဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အလွတ်သဘော ညှိနှိုင်းဆွေးနွေးပွဲအတွင်း တက်ရောက်လာကြသော နိုင်ငံခြားရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးနှင့် ကိုယ်စားလှယ်များသည် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ တိုက်ဖျက်နှိမ်နင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးသည် ဆွေးနွေးပွဲအတွင်း နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို တက်ရောက်လာကြသည့်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များအား ရှင်းလင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ စွန်းဝေတုန်း၊ ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အကြံပေးပုဂ္ဂိုလ် မစ္စတာ မိုဟာမက် တိုဟိဒ် ဟူစိန်၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ထောင်ဆာ ဗန် ဖုန်ဗီဟေး၊ အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန် မစ္စတာ ရှရီ ဗစ်ခရမ် မစ်ဆရီနှင့် ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အန်ရစ်အေမန်နလိုတို့နှင့် ဗန်ကောက်မြို့ရှိ Capella ဟိုတယ်၌ သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ တားဆီးနှိမ်နင်းရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ် အေးချမ်းမှု ထိန်းသိမ်းရန်အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

#centralnewsnaypyitaw

image
image
image