ဗီယက်နမ် နိုင်ငံတွင် အခက်အခဲကြုံတွေ့နေသည့် နိုင်ငံသား (၂) ဦးအား သက်ဆိုင်ရာ အာဏာပိုင်များနှင့် ချိတ်ဆက်ညှိနှိုင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးခဲ့
ဗီယက်နမ်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေသည့် မြန်မာနိုင်ငံသူ (၂) ဦးကို နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် ဟနွိုင်းမြို့အခြေစိုက် မြန်မာသံရုံးမှ ဗီယက်နမ်နိုင်ငံ သက်ဆိုင်ရာ အာဏာပိုင်များနှင့် ချိတ်ဆက်ညှိနှိုင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံသူ (၂) ဦးဖြစ်သည့် မနွယ်နီဝင်းနှင့် မချစ်စုစုကျော်သည် တရ-ားမဝင် အလုပ်အကိုင်ပွဲစား၏ ချိတ်ဆက်ပေးမှုဖြင့် ဗီယက်နမ်နိုင်ငံသို့ နိုဝင်ဘာ (၁၆)ရက်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့မှာ ဗီယက်နမ်-တရုတ်နယ်စပ်ရှိ ဗီယက်နမ်နိုင်ငံ Cao Bang ပြည်နယ်သို့ ပို့ဆောင်ချိန် မိုဘိုင်းဖုန်း၊ ငွေကြေးများ သိမ်းဆည်းခံရပြီး ယင်းဒေသရှိ ဗီယက်နမ်ရဲစခန်းမှတဆင့် မြန်မာသံရုံးသို့ ဒီဇင်ဘာ (၁၁) ရက်က ဆက်သွယ် အကူအညီတောင်းခံလာကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ ဆက်သွယ်အကူအညီတောင်းခံချက်အရ မြန်မာသံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များမှ အဆိုပါရဲတပ်ဖွဲ့ဝင်များနှင့် ညှိနှိုင်း၍ မြန်မာသံရုံးသို့ ခေါ်ဆောင်ကာ မြန်မာနိုင်ငံသို့ ချောမောစွာ ပြန်လည်ထွက်ခွာခွင့်ရရှိရေး ဗီယက်နမ်နိုင်ငံ တာဝန်ရှိ အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ နိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြင့် တပ်မတော်(လေ)လေယာဉ်ဖြင့် အမိမြေသို့ ပြန်လည်ထွက်ခွာနိုင်ခဲ့ခြင်းဖြစ်သည်။
၎င်းတို့ (၂)ဦးမှာ ဒီဇင်ဘာ (၁၄) ရက်၊ ဒေသစံတော်ချိန် နေ့လယ် (၂) နာရီ၊ (၁၀)မိနစ်တွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ Noi Bai အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ နေပြည်တော်သို့ ပျံသန်းထွက်ခွာသည့် တပ်မတော်(လေ)မှ လေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
