❝အဂတိလိုက်စားမှုပြဿနာဟာ အစိုးရပိုင်းများသာမက ပုဂ္ဂလိကပိုင်းနဲ့ အချို့ကုသိုလ်ဖြစ် လှူဒါန်းရေးအဖွဲ့တွေမှာပါ အမြစ်တွယ်လာနေတယ်လို့ နစကဥက္ကဋ္ဌပြော❞

ဒီဇင်ဘာ ၁၀

အဂတိလိုက်စားမှုပြဿနာသည် မိမိတို့နိုင်ငံတွင်သာမက ကမ္ဘာတစ်ဝန်းတွင် ပျံ့နှံ့နေသည့်ရောဂါဆိုးတစ်ခု ဖြစ်နေသလို ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အစိုးရပိုင်းများသာမက ပုဂ္ဂလိကပိုင်းနှင့် အမြတ် အစွန်းမဟုတ်သည့် အချို့ကုသိုလ် ဖြစ် လှူဒါန်းရေးအဖွဲ့များတွင်ပါ အမြစ်တွယ်လာနေသည့် ပြဿနာတစ်ခုဖြစ်သည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား၌ ပြောကြားသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၁ ၌ ကျင်းပပြုလုပ်ခဲ့ခြင်းပြီး အဂတိလိုက်စားမှုသည် လူ့ဘောင်လောကကို အရုပ်ဆိုး အကျည်းတန်စေသလို ကောင်းမွန်သည့် လူမှုစီးပွားဘဝ ပတ် ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသည့် မကောင်းမှု ဒုစရိုက်တစ်ခုပင်ဖြစ်သည်ဟုလည်း နစကဥက္ကဋ္ဌက ထည့်သွင်းပြောကြားသည်။

အလားတူ အဂတိလိုက်စားမှုများကြောင့် လူ့ဘောင်လောကတွင် တရားမျှတမှု ပျောက်ကွယ်ပြီး နိုင်ငံတော်နှင့် အများပြည်သူကို ထိခိုက်စေသည့်အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်ကို ပျက်စီးစေရုံသာမက တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုကိုလည်း ထိခိုက်စေနိုင်သည်ဟုဆိုသည်။

ဆက်လက်၍လည်း နစကဥက္ကဋ္ဌက အဂတိလိုက်စားမှုဆိုသည်ကို သာမန်အားဖြင့် လာဘ်ပေး လာဘ်ယူမှုလောက်သာထင်မှတ်ကြသော်လည်း တကယ်တော့ လူ့ဘောင်လောကတွင် ကျယ်ပြန့်နက်ရှိုင်းသည့် မကောင်းမှုကြီးဖြစ်ကြောင်း၊ ခြိမ်းခြောက် ငွေညှစ်ခြင်း၊ လိမ်လည်ခြင်း၊ နိုင်ငံတော် ဘဏ္ဍာနှင့် ပစ္စည်းများကို အလွဲသုံးစားလုပ်ခြင်း၊ ပြည်သူပိုင်ပစ္စည်း ငွေကြေးများကို ကိုယ်ကျိုးအတွက် မသင့်မလျော်သုံးစွဲခြင်း၊ မလျော်ဩဇာသုံးပြီး ကိုယ်ကျိုးအတ္တ ကိုရယူခြင်း စသည်များသည် အဂတိလိုက်စားမှုများပင်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုကြောင့် ရာဇဝတ်မှုများ အကြမ်း ဖက် တိုက်ခိုက်မှုများကို အားပေး ကျူးလွန်ခြင်းများ ဖြစ်ပေါ်လာစေကြောင်း၊ ထို့အပြင်တရားဥပဒေ စိုးမိုးရေးနှင့် ဒီမိုကရေစီ စနစ်ကို ထိခိုက်စေခြင်းတို့ကို ဖြစ်စေခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာကြီးတစ်ခု၊ ရောဂါဆိုးကြီး တစ်ခုဟု ဆိုနိုင်ကြောင်း။

မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးကြီးသည့် အဂတိလိုက်စားမှု လျော့နည်းကျ ဆင်း လာစေရေး၊ အဂတိကင်းစင်သည့် လူ့အဖွဲ့ အစည်းတစ်ရပ်ဖြစ်စေရေးနှင့် အများပြည်သူတို့၏ အကျိုး စီးပွားကို ကာကွယ်ပေးရေး တို့အတွက် ရည်မှန်းချက်၊ ဦးတည်ချက်များ ချမှတ်ထားကြောင်းနှင့် နိုင်ငံတော်အတွက် စိတ်ရင်းစေတနာကောင်းကိုအရင်းခံပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ကြိုးပမ်း အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိကြောင်းဖြင့် ပြောကြားခဲ့သည်ဟု သိရသည်။

#centralnewsnaypyitaw

image