2 နှစ်များ - ဘာသာပြန်ပါ။

တရုတ်နိုင်ငံမှ ဗုဒ္ဓစွယ်တော်မြတ်ကို ထိုင်းသို့ ပင့်ဆောင်ပူဇော်

တရုတ်နိုင်ငံမှ ထိုင်းနိုင်ငံသို့ ပင့်ဆောင်ခဲ့သော ဗုဒ္ဓစွယ်တော်မြတ်ကို Sanam Luang တွင် ဒီဇင်ဘာလ ၅ ရက် နေ့မှ ဖေဖော်ဝါရီ ၁၄ ရက်‌နေ့အထိ ကိန်းဝပ်အပူဇော်ခံသွားမည်ဖြစ်ကာ အများပြည်သူများ လာရောက်ဖူးမြော်နိုင်ရန် ဖိတ်ခေါ် ထားကြောင်း ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ Jirayu Houngsub က ပြောသည်။

စွယ်တော်မြတ်ကို ယမန်နေ့တွင် ထိုင်းနိုင်ငံသို့ ပင့်ဆောင်ခဲ့ပြီး ဒွန်မောင်းရှိ အမှတ် ၆ လေတပ်အခြေစိုက်စခန်းကို မွန်းလွဲ ၁၂း၂၀ နာရီတွင် ရောက်ရှိခဲ့သည်ဟု မစ္စတာ Jirayu က ပြောဆိုသည်။

မွန်းလွဲ ၁း၁၉ နာရီတွင် ထိုင်းနှင့် တရုတ်နိုင်ငံမှ သံဃာတော်များက စုပေါင်း ရွတ်ဖတ်ပူဇော်မှုလုပ်ခဲ့ပြီး အခမ်းအနားသို့ တရုတ်နိုင်ငံ နိုင်ငံတော်သာသနာရေးစီမံခန့်ခွဲရေးဌာနအကြီးအကဲ Chen Ruifeng၊ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် Suriya Jungrungreangkit နှင့် တရုတ်သံအမတ်ကြီး၊ ဝန်ကြီးချုပ်ရုံးဝန်ကြီးတို့နှင့်အတူ အခြားအမှုဆောင်အရာရှိများတက်ရောက်ခဲ့သည်။

စွယ်တော်မြတ်ကို လေဆိပ်မှတဆင့် လှည့်လည်အပူဇော်ခံမှုအခမ်းအနားကို လူပေါင်း ၂၇၀၀ ကျော်ဖြင့် ကြီးကျယ်ခမ်းနားစွာ ပြုလုပ်ခဲ့ပြီး Sanam Luang တွင် ကိန်းဝပ်စံတော်မှုခဲ့သည်။ Sanam Luang တွင် ကိန်းဝပ်စံတော်မူသည့် အခမ်းအနားကို ညနေ ၅ နာရီ၌ ဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာက ဦးဆောင်ပြုလုပ်ခဲ့သည်။

ဇူလိုင်လအတွင်း ကျရောက်မည့် ထိုင်းဘုရင်မင်းမြတ်၏ ခြောက်ကြိမ်မြောက် မွေးနေ့အခါသမယနှင့် ထိုင်း-တရုတ် သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ဗုဒ္ဓမြတ်စွယ်တော်သည် ဘန်ကောက်တွင် ရက်ပေါင်း ၇၃ ရက်ကြာ ကိန်းဝပ်အပူဇော်ခံသွားမည်ဖြစ်သည်။

image