ပေါင်းတည်က အုပ်ချုပ်ရေးမှူးသားအဖ နေအိမ်မှာ သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံး
ဒီဇင်ဘာ ၄
ပဲခူးတိုင်း(အနောက်ပိုင်း) ပေါင်းတည်မြို့နယ်၊ ဆင်လူးကျေးရွာအုပ်စု၊ ရွာလှကျေးရွာက အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူတို့ဟာ ဒီကနေ့ ဒီဇင်ဘာလ ၄ ရက်နေ့မနက်ပိုင်းမှာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေဟာ ရွာလှအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးခင်ထွဋ်နဲ့ သားဖြစ်သူ အောင်ဇော်ထွဋ်တို့ဖြစ်ပြီး နေအိမ်အတွင်းဝင်ရောက်ပြီး ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။
" မနက်၄နာရီကျော်လောက် အစောကြီးပစ်သတ်ခံရတာ။သူတို့အိမ်ထဲထိကို လာပစ်သွားတာ။ အဖေက အသက် ၆၂ နှစ်၊သားကအသက်၃၀ ပါ။အိမ်ကိုဝိုင်းထားပြီးကို ပစ်သွားတာလို့သိရတယ်။ သေနတ်နဲ့ ဆယ့်ငါးချက်လောက်ရှိမယ် "လို့ ဒေသခံကပြောပါတယ်။
ဒီဇင်ဘာလ ၃ ရက်နေ့ကလည်းပဲခူးအနောက်ပိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ တောင်ရွာမရပ်ကွက်ရဲ့ ရာအိမ်မှူးဖြစ်သူ အသက် ၄၅ နှစ်အရွယ် ကိုအောင်ထွန်းဆိုသူ သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။
ဒီဇင်ဘာလ ၁ ရက်နေ့ကလည်း ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်ရှိ ဓါးသွေးကျောက်ရွာအုပ်စုအုပ်ချုပ်ရေးမှူးရဲ့ သားနှစ်ယောက်လည်း သေနတ်နဲ့ပစ်သတ်ခံရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။
Photo:CJ
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး
