တာချီလိတ်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအယောင်ဆောင်ကာ နေအိမ်များအတွင်းဝင်ရောက်၍ ဖုန်းနှင့် ငွေကြေးများ တောင်းယူခဲ့သူ (၈)ဦးအား ဖမ်းဆီးရမိ
ဒီဇင်ဘာ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ပေါ်ရပ်ကွက်များအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ တာဝန်ရှိသူများ အယောင်ဆောင်ကာ နေအိမ်များအတွင်း ဝင်ရောက်၍ ဖုန်းနှင့် ငွေကြေးများ ခြောက်လှန့်တောင်းယူခဲ့သူ အမျိုးသား ၈ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် တာချီလိတ်မြို့ပေါ် ရပ်ကွက်များရှိ နေအိမ်အချို့အား လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများ အယောင်ဆောင်၍ ဖုန်းနှင့် ငွေကြေးများ ခြောက်လှန့်တောင်းယူခဲ့ကြသူများဖြစ်ကြသည့် တာချီလိတ်မြို့နေ ဇော်ဖြိုးလွင်(ခ)တာလေ(၂၈)နှစ်၊ သီဟ(၄၄)နှစ်၊ မိုးနှင်းလျှံ(ခ)ဘဦး(၃၀)နှစ်၊ မျိုးဦး(ခ)ဝေယံ(၃၁)နှစ်၊ သိန်းထိုက်အောင် (ခ)အရှည်ကြီး(၂၇)နှစ်၊ ဝင်းသက်အောင်(ခ)ဝင်းမင်းသန့်(၃၄)နှစ်၊ ခင်မောင်ထိုက်(ခ)ကုလား(၂၅)နှစ်နှင့် မျိုးမင်းထက်(၂၈)နှစ်တို့ ၈ ဦးအား ၎င်းတို့၏ နေအိမ်အသီးသီး၌ ခြောက်လှန့်တောင်းယူမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် Alphard အမျိုးအစား အဖြူရောင်မော်တော်ယာဉ် ၁ စီး၊ M16 ပုံစံတူ (Air Gun) ၁ လက်၊ ပစ္စတိုသေနတ်အတို (Air Gun) ၁ လက်၊ ပြောက်ကြားဦးထုပ် ၁ လုံး၊ ပြောက်ကြားယူနီဖောင်း ၂ စုံတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိတရားခံ ဇော်ဖြိုးလွင်(ခ)တာလေပါ ၈ ဦးတို့အား စစ်ဆေးပေါ်ပေါက်ချက်များအရ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အယောင်ဆောင်ကာ ပျောက်ကြားယူနီဖောင်းများ ဝတ်ဆင်ပြီး M16 ပုံစံတူ (AirGun) ၁ လက်၊ ပစ္စတိုသေနတ်(AirGun) ၁ လက်နှင့် ဝင်းသက်အောင် ပိုင်ဆိုင်သည့် Alphard အဖြူရောင်မော်တော်ယာဉ်တို့အား အသုံးပြု၍ လုံခြုံရေးအရ ဧည့်စာရင်းစစ်ဆေးမည် ဖြစ်ကြောင်း အကြောင်းပြကာ နေအိမ်ရှိသူများထံမှ ဖုန်းမျိုးစုံ ၂၄ လုံးနှင့် ထိုင်းဘတ်ငွေ ၇၃၀၀၀ တို့အား ငါးကြိမ်တိတိခြောက်လှန့်တောင်းယူခဲ့ကြသည်ကို ထွက်ဆိုခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဖြစ်စဉ်တွင် ဖမ်းဆီးရမိတရားခံ ဇော်ဖြိုးလွင်(ခ)တာလေပါ ၈ ဦးအား သက်ဆိုင်ရာရဲစခန်းများ၌ ပြစ်မှုတစ်ခု ချင်းစီအလိုက် အမှုများအသီးသီးရေးဖွင့်ဆောင်ရွက်ထားရှိပြီး ထွက်ပြေးတိမ်းရှောင်နေသော တရားခံမဲကြီးအား အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
#centralnewsnaypyitaw

