၇၅ ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင် အခမ်းအနားသို့ SAC ဥက္ကဋ္ဌ တက်ရောက်

ဒီဇင်ဘာ ၂

၇၅ ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင် အခမ်းအနားကို ဒီဇင်ဘာ ၂ ရက်နေ့၌ နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းဗဟိုဌာန-၁ တွင် ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ စာပေဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

မြန်မာနိုင်ငံတွင် မြန်မာစာပေနှင့် နိုင်ငံနှင့်လူမျိုးအကျိုးကို တစ်သက်တာလုံး စာအုပ်စာပေများ အားထုတ်ရေးသားပြုစုခဲ့ပြီး ထူးချွန်ပြောင်မြောက်စွာ တာဝန် ကျေခဲ့ကြသည့် ပုဂ္ဂိုလ်များ၏ ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသည့်အနေဖြင့် “အမျိုးသားစာပေတစ်သက်တာဆု” ကို ၂၀၀၁ ခုနှစ်ကစပြီး နှစ်စဉ် ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

အမျိုးသားစာပေတစ်သက်တာဆုကို ချီးမြှင့်ရာတွင်လည်း စာပေပညာရှင်ကြီးများကို အလေးအမြတ်ထားသည့်အနေဖြင့် တစ်နှစ်ထက် တစ်နှစ်အရေအတွက်တိုးပြီး ချီးမြှင့်ရန်ဆောင်ရွက်ခဲ့ကြောင်း၊ စတင်ခဲ့သည့် ၂၀၀၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ တစ်နှစ်လျှင်(၁)ဦးသာ ချီးမြှင့်ပြီးနောက်ပိုင်းတွင် တစ်နှစ်ကို (၂) ဦး၊ (၃) ဦး ရွေးချယ်ချီးမြှင့်ခဲ့ကြောင်း၊ မိမိတို့တာဝန်ယူခဲ့သည့်ကာလတွင် တစ်နှစ်လျှင် (၄) ဦးအထိ ဂုဏ်ပြုချီးမြှင့်ခဲ့ ကြောင်း၊ ယခုနှစ်တွင်လည်း စာပေပညာရှင်ကြီး (၆) ဦးအထိ ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ယခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ရာတွင် ၂၀၂၃ ခုနှစ်အတွင်း ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့သည့် စာအုပ်ပေါင်း ၁၀၅၀ အတွင်းမှ အမျိုးသားစာပေဆုအတွက် သတ်မှတ်ထားသည့် ဘာသာရပ် ၁၉ မျိုးအနက် ဘာသာရပ် ၁၅ မျိုးကို ရွေးချယ်နိုင်ခဲ့ကြောင်း၊ စာပေဗိမာန်စာမူဆုတွင် ပြိုင်ပွဲဝင် စာမူ ၂၈၄ စောင်အတွင်းမှ ဘာသာရပ် ၁၃ မျိုးအနက် ဆုချီးမြှင့်ရန်ထိုက်တန်သည့် စာမူပေါင်း ၃၀ ကို ရွေးချယ်ခဲ့ပြီး ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

နစက ဥက္ကဋ္ဌနှင့် ဇနီးတို့သည် တစ်သက်တာဆုရရှိကြသည့် စာပေပညာရှင်ဆရာကြီး ဒေါက်တာ မင်းတင်မွန်(ပါရဂူမင်းနန္ဒာ)၊ စာပေပညာရှင်ဆရာကြီး ဒေါက်တာ တိုးလှ၊ စာပေပညာရှင်ဆရာကြီး ဦးညွန့်ဆွေ(မောင်ဆွေသက်)၊ စာပေပညာရှင် ဆရာကြီး ဦးသန်းဆွေ (မောင်သန်းဆွေ-ထားဝယ်)၊ စာပေပညာရှင်ဆရာကြီး ဒေါက်တာကျော်ဝင်း(သမိုင်းပါမောက္ခ-ငြိမ်း)နှင့် စာပေပညာရှင်ဆရာကြီး ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)တို့ကို ဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

#centralnewsnaypyitaw

imageimage
+7