မပြီးပြတ်သေးတဲ့အတိတ်...ဆိုတာဟာ တစ်ချိန်ချိန်မှာ
အမြဲတစ်ပတ်ပြန်လည်လာတတ်သတဲ့လေ....။
အဲဒါဟာ.... အချစ်ပဲဖြစ်စေ.....အမုန်းပဲဖြစ်စေ....အရှုံးပဲဖြစ်စေ...
အညှိုးပဲဖြစ်စေ....ဆိုပဲ....။
တစ်ခါတစ်လေတော့ ကျွန်မတွေးဖူးသည်။
အတိတ်ဆိုတာတွေဆိုတာက အတိတ်ဆိုတိုင်းလည်း
အကုန်မှတ်မိနေကြတာမဟုတ်ဘူးပဲမလား....။
တကယ့်ကို နှလုံးသားကိုကော ဦးနှောက်ကိုကော ဆိုးရွားစွာ...
ဒါမှမဟုတ်
ချိုမြစွာ ပြင်းပြင်းထန်ထန်ထိခိုက်စေနိုင်တဲ့အရာတွေကိုမှ....။
ဥပမာပြောကြေးဆို လွန်ခဲ့တဲ့တစ်ပတ်လောက်တုန်းက
ခုံအစွန်းနဲ့ခြေသန်းလေးတိုက်မိသွားလို့ နာရီ၀က်လောက်နီးနီး
နာကျင်နေခဲ့ရဖူးတာကို ဒီနေ့မှတ်မိချင်မှမှတ်မိတော့မှာပေမယ့်
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းက ဆိုင်ကယ်လဲသွားလို့
ဒူးပြဲသွားပြီး အခုချိန်ထိ အမာရွတ်အသေးလေးကျန်နေတာကြောင့်
အဲဒီအမာရွတ်ကိုပြန်ကြည့်တိုင်းအဲဒီနေ့ကို
ထင်ထင်ရှားရှားမှတ်မိနေတာမျိုး...။
အတိတ်ဆိုတိုင်းလည်း အတူတူဖြတ်သန်းခဲ့တဲ့လူရယ်...
နေရာရယ်....အဖြစ်အပျက်တွေရယ်....
အတိမ်အနက်ရယ်အလိုက် ကွဲကွဲပြားပြား ခွဲခြားပြီးမှ
အတိတ်ရယ်လို....အမှတ်တရအဖြစ်ကျန်ခဲ့မှာပါပဲ...။
သိုဝှက်သိမ်းဆည်းထားချင်တဲ့အရာကိုဆိုရင် တစ်စမကျန်
အသေးစိတ်မှတ်ထားပြီး ထုတ်ကြည့်ချင်တဲ့အချိန်တိုင်း
ထုတ်ကြည့်နေမိတော့တာမျိုး....။
အဲဒီလို အခေါက်ခေါက်အခါခါ နောက်ပြန်ကြည့်လိုက်....
ပြန်လှည့်ကြည့်လိုက်ရင်းနဲ့ပဲ မနေ့တစ်နေ့ကလိုပဲ
လတ်လတ်ဆတ်ဆတ်ရှိနေပြန်တာမျိုး...။
မေ့တော့မယ်ရှိလိုက်....ပြန်ငဲ့ကြည့်လိုက်....။
မေ့နေပြီထင်လိုက်....ပြန်သတိရလိုက်နဲ့ပဲ ဆိုပါတော့....။
ချိုမြိန်သောအတိတ်ရယ်.....နာကျင်သောအတိတ်ရယ်...ဆိုတာကတော့
ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်ပဲပေါ့လေ....။
အတိတ်ရယ်လို့ ပြန်တွေးမိသွားတိုင်းတော့ ကျွန်မဆီမှာ
နှစ်ကာလဘယ်လောက်ပဲရှည်ကြာသွားပါစေ
ဝေ့အကြောင်းကိုသာ ဖြစ်သွားတတ်ခဲ့သည်။
ဝေ...။
ဝေ....။
ကျွန်မဘဝရဲ့ အခန်းကဏ္ဍတော်တော်များများထဲမှာ
ဝေ့ကို ကျွန်မက ထည့်ထားမိခဲ့ပုံရသည်။
အချိန်ကာလအားဖြင့် လေးနှစ်သာသာ....။
ကျွန်မနဲ့ဝေ အတူတူရှိနေခွင့်ရခဲ့တာဟာ
အချိန်ကာလအားဖြင့် သိပ်များလွန်းတဲ့
အတိုင်းအတာမဟုတ်ပေမယ့် ကျွန်မရဲ့
အတိတ်ဆိုတာက အဲဒီကာလဆီမှာပဲ
ဖြစ်နေခဲ့ပုံရသည်။
အချစ်ဦးအကြောင်းတစ်ယောက်ယောက်ကပြောလည်း
ကျွန်မအတိတ်ဟာအဲဒီအချိန်မှာ....။
ကျောင်းသားဘဝအကြောင်းပြောလည်း အဲဒီကာလဆီမှာ...။
သစ်ပင်တွေအကြောင်းပြောမလား...။
ရာသီဥတုတွေအကြောင်းပြောမလား....။
ပန်းတွေအကြောင်းပြောမလား....။
အလွမ်းတွေအကြောင်းပြောမလား....။
အတိတ်ကာလနဲ့ပတ်သက်သော အကြောင်းအရာတစ်ခုခုဆီ
ကျွန်မ ဦးတည်ပြီဆိုပါတော့...။
အဲဒီစကားလုံးတွေထဲမှာ ဝေ ပါနေပါလိမ့်မည်...။
သူနဲ့ကျွန်မကြားမှာ အချစ်ဆိုတာရှိခဲ့ဖူးသည်။
ဒါကတော့ အမှန်တရား.....။
ဒါပေမယ့်....ထုတ်ဖော်ပြသဖို့ နှစ်ယောက်လုံးက
အားမထုတ်ဖြစ်ခဲ့..။
လူတစ်ယောက်ကို ချစ်မြတ်နိုးရခြင်းဆိုတာဟာ
အချစ်ဆိုသောခံစားချက်တစ်ခုတည်းနဲ့
အဲဒီတစ်ယောက်ကိုပဲ ဇွတ်မှိတ်ရွေးချယ်လိုက်ဖို့အထိ
မိုက်မဲသောအလုပ်ကို ကျွန်မတို့နှစ်ယောက်လုံးက
စိတ်တူကိုယ်တူ မရွေးချယ်ဖြစ်ခဲ့ကြရုံပါပဲ...။
ဒီလိုပါပဲ....။
ဟိုလိုဒီလိုအကြောင်းပြချက်တွေနဲ့ပဲ လူတိုင်းကတော့
ကိုယ့်အနာဂတ်ကိုကိုယ့်ဘာသာ
ထုဆစ်ပုံဖော်ခဲ့ကြတာချည်းပါပဲမလား...။
ကျွန်မ အစမှာပြောခဲ့တဲ့စကား....။
မပြီးပြတ်သေးတဲ့အတိတ်...ဆိုတာဟာ
တစ်ချိန်ချိန်မှာ အမြဲတစ်ပတ်ပြန်လည်လာတတ်တယ်ဆိုတာ....။
ကျွန်မနဲ့ဝေက သံသရာတစ်ခုရဲ့တစ်ကွေ့မှာ ဆုံစည်းပြီးသား....။
လမ်းလွဲခဲ့ကြပြီးသား....။
ထပ်ဆုံဖို့အကြောင်းမရှိသလို ထပ်ကြုံစရာလမ်းလည်းမရှိ....။
ဒါပေမယ့်....ဒါပေမယ့်ပေါ့....။
အနှစ်နှစ်ဆယ်နီးပါးအကြာ ...တိတိကျကျပြောကြေးဆို
ဆယ့်ကိုးနှစ်....ဆယ်လနဲ့ တစ်ပတ်အကြာမှာ အဲဒီအရာဟာ
တစ်ပတ်ပြန်လည်လာတာများလား....။
စိမ့်စမ်းရေ....တဲ့....။
သူ့သမီးလေးကို ဝေက ကျွန်မနဲ့ နီးစပ်သောနေရာကို
အရောက်ပို့လာခဲ့ပြန်သည်။
ဒါဟာ ....တကယ်ပဲ မပြီးပြတ်သေးတဲ့အတိတ်ကို ပြတ်ပြတ်သားသားအဆုံးသတ်ဖို့အတွက် ညိုညိုစိမ့်ဆီကို ရောက်လာခဲ့ပုံရသော
ကံကြမ္မာတစ်ပတ်လည်ခြင်းများလားတော့
ကျွန်မလည်းမသိတော့ဘူးပဲ.....။
💚💚💚💚💚
ဝေ
ညတာရာလင်း(ထား၀ယ်)
3.9.2024
6:11pm
#ညတာရာလင်း
