ဘာမဆိုဖြစ်နိုင်ပါတယ်
---------
ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး မော်စကိုနဲ့ အနောက်နိုင်ငံတွေကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ဟာ အဖြေရှာနိုင်စွမ်းရှိတဲ့ ဉာဏ်ရည်ထက်မြက်ပြီး အတွေ့အကြုံရှိတဲ့ နိုင်ငံရေးသမားတစ်ဦးအဖြစ် ချီးကျူးလိုက်ပါတယ် ။
ကြာသပတေးနေ့က ကာဇက်စတန်မှာ သတင်းထောက်တွေနဲ့ စကားပြောရာမှာ ပူတင်က သမ္မတဂျိုးဘိုင်ဒင်ကို ပြစ်တင် ဝေဖန်ခဲ့ပါတယ်- ရုရှားနိုင်ငံထဲက ပစ်မှတ်တွေကို ATACMS ခေါ် တာဝေးပစ်အမေရိကန်ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ယူကရိန်းကို ခွင့်ပြုချက်ပေးပြီးနောက် ထရမ့်အစိုးရအတွက် နောက်ထပ်အခက်အခဲတွေ ဖန်တီးခဲ့တယ်ဆိုပြီး အပြစ်တင်တာပါ။
ယူကရိန်းရဲ့ အရေးကြီးတဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားပြီး ဗုဒ္ဓဟူးနေ့က ညလုံးပေါက် ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်ပြီးနောက် နျူကလီးယားထိပ်ဖူးတပ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည် “Oreshnik” နဲ့လည်း ထပ်မံတိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
ဘိုင်ဒင်ရဲ့ ဆုံးဖြတ်ချက်ဟာ မော်စကိုနဲ့ ဝါရှင်တန်ကြား ဆက်ဆံရေးအပေါ် သက်ရောက်မှုရှိမရှိ မေးမြန်းရာမှာ ပူတင်က ဇန်နဝါရီလ ထရမ့်တက်ရလာရင် ဆက်ဆံရေ့ ပိုမိုကောင်းမွန်လာနိုင်တယ်လို့ ပြောခဲ့ပါတယ်- “ရွေးကောက်ခံသမ္မတအသစ်ဟာ ဉာဏ်ရည်ထက်မြက်ပြီး အတွေ့အကြုံရှိပြီးသား ပုဂ္ဂိုလ်ပါ၊ အဖြေရှာနိုင်မယ်လို့ ထင်ပါတယ်” လို့ ဆိုပါတယ်။
ထရမ့်ဟာ နည်းလမ်းမပြောဘဲ ယူကရိန်းစစ်ပွဲကို ၂၄ နာရီအတွင်း အဆုံးသတ်မယ်လို့ ကတိပြုထားပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ ယူကရိန်းကို စစ်ပွဲကို အနိုင်ရစေလိုခြင်း ရှိ၊ မရှိ ပြောဖို့ အကြိမ်ကြိမ် ငြင်းဆိုခဲ့ပါတယ်။
စစ်ဖြစ်နေတဲ့နိုင်ငံတွေအတွက် အထူးသံတမန်အဖြစ် ဗိုလ်ချုပ်ကြီးဟောင်း ကိလော့ဂ်ကို ထရမ့် အဆိုပြုခဲ့ပြီးနောက် ပူတင်ရဲ့ မှတ်ချက် ထွက်ပေါ်လာတာပါ။ အဆိုပြုချက်နဲ့အတူ "အင်အားတွေကနေတဆင့် ငြိမ်းချမ်းရေးကို အတူတကွရယူပြီး အမေရိကနဲ့ ကမ္ဘာကြီးကို နောက်တစ်ကြိမ် ဘေးကင်းအောင် ဖန်တီးပေးမယ်" လို့ ထရမ့်က လူမှုမီဒီယာတွင် ရေးသားခဲ့ပါတယ်။
ကာဇတ်စတန်မြို့တော် အက်စ်တာနာမှာလုပ်တဲ့ လုံခြုံရေး ထိပ်သီးစည်းဝေးပွဲရဲ့ ဘေးဆွယ်အဖြစ်ပြောဆိုရာမှာ ပူတင်က ထရမ့်ဟာ အိမ်ဖြူတော်ဆီ ပြန်သွားဖို့ ပြင်းထန်တဲ့ စမ်းသပ်မှုကို ကျော်ဖြတ်ခဲ့တယ်လို့ ပြောပါတယ်-ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ သူ့ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှု နှစ်ခုကို ရည်ညွှန်းတာပါ။
ထရမ့်ကို ဆန့်ကျင်ဖို့ လုံးဝမယဉ်ကျေးတဲ့ နည်းလမ်းတွေကို တစ်ကြိမ်ထက်မက အသုံးပြုခဲ့တာ တွေ့ရပြီး ထရမ့် လောလောဆယ် ဘေးကင်းရေးကို စိုးရိမ်တယ်လို့လည်း ပူတင်က ဆိုပါတယ်။
မဲဆွယ်ကာလမှာ ထရမ့်အရှက်ကွဲအောင် အခြေအမြစ်မဲ့ တရားစီရင်ရေးလုပ်ထုံးလုပ်နည်းတွေ လုပ်ခဲ့တယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။ ဇွန်လမှာ မန်ဟက်တန်ခုံသမာဓိအဖွဲ့ ထရမ့်ဟာ သူ့ရဲ့ လျှို့ဝှက်ငွေကြေးမှတ်တမ်းအရေးကို ရာဇ၀တ်ကြောင်းနဲ့ ရုံးတင်စစ်ဆေးမှုမှာ မှတ်တမ်းအတုြလုပ်မှု ၃၄ မှုစလုံးမှာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် ထရမ့်ဟာ ရာဇ၀တ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ပထမဆုံးအမေရိကန်သမ္မတ ဖြစ်လာခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲအရေးနဲ့ပတ်သက်လို့ပြီးခဲ့တဲ့အပတ်က ဒနီပရိုဒေသကို တိုက်ခိုက်ဖို့သုံးခဲ့တဲ့ Oreshnik တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်အသစ် ထပ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
လက်လှမ်းမီသမျှ နည်းလမ်းတွေ သုံးသွားမယ်၊ ယူကရိန်းစစ်တပ်၊ စစ်ဘက်စက်မှုအဆောက်အအုံတွေ ဒါမှမဟုတ် ကိယက်ဗ် အပါအဝင် ဆုံးဖြတ်ချက်ချတဲ့ဌာနတွေကို တိုက်ခိုက်ရာမှာ Oreshnik မသုံးဖို့ ပိတ်ပင်မထားပါဘူး၊ ယူကရိန်းအာဏာပိုင်တွေက လက်ရှိမှာ ကျွန်တော်တို့ရဲ့ အရေးပါတဲ့ နေရာတွေကို တိုက်ခိုက်ဖို့ ကြိုးပမ်းနေတုန်းပဲဆိုတာ သိထားကြပါဦး”
“ဆုံးဖြတ်ချက်ချမှတ်တဲ့ စင်တာတွေ” ဆိုတာ စစ်ဘက်စင်တာလား နိုင်ငံရေးစင်တာလားလို့ ပြန်မေးရာမှာ ပူတင်က “ဆိုဗီယက်ခေတ်မှာ မိုးလေဝသခန့်မှန်းချက်တွေနဲ့ ပတ်သက်ပြီး ဟာသပြောလေ့ရှိတယ်၊ ခန့်မှန်းချက်ကတော့ ဒီနေ့ ဘာမဆိုဖြစ်နိုင်တယ် ဆိုတာပေါ့.. အခုလည်း ဒီလိုပါပဲ"
Ref; CNN
Credit to Min Myat San
