စုတ်ပြဲပျက်စီးသွားတဲ့အရာတွေကို ပြန်ဖာထေးဖို့
ကျွန်မစိတ်မရှည်ဘူး။
ကောင်းခဲ့ဖူးတာကို မှတ်သားထားမယ်....။
အဲဒီအမာရွတ်ကို
တစ်သက်လုံးတော့ ကြည့်မနေချင်ဘူး....တဲ့... ။
လေရူးသုန်သုန်ဝတ္ထုထဲက ဇာတ်ဆောင်မင်းသမီး
စကားလက်အိုဟာရာကို ကျွန်မ သဘောကျလိုက်တာ..... ။
ဘာကြောင့် စုတ်ပြတ်သတ်နေတဲ့အရာတွေကို
တစ်မက်တစ်မောဖက်တွယ်နေရမှာတဲ့လဲ..... ။
ဘဝဆိုတာ ရှည်လျားတဲ့ပြေးလမ်းလိုပဲမလား........ ။
စိတ်ညစ်စရာတွေကို ဒီနေ့မစဉ်းစားသေးဘူး......။
မနက်ဖြန်မှ…...တဲ့လေ.... ။
ကဲ....
ဘယ်လောက်တောင် မိုက်ပြီး စတိုင်လ်ကျလိုက်တဲ့
အတွေးအခေါ်မျိုးလဲ..... ။
လေရူးသုန်သုန်စာအုပ်ကို ကျွန်မ စဖတ်ဖူးတော့
အသက် ဆယ့်ခြောက်နှစ်.... ။
စာအုပ်အထူကြီးတွေကို
စာအုပ်အငှားဆိုင်လေးကနေ ငှားဖတ်ခဲ့ရတာ။
ဒါတောင်..အဲဒီအချိန်တုန်းကဆို
ထားဝယ်ကစာအုပ်အငှားဆိုင်တွေမှာ
ဒီလိုစာအုပ်အကောင်းစားတွေသိပ်မရှိသေးတဲ့ခေတ်..... ။
အင်းစိန်ဖော့ကန်လမ်းထိပ်က
ပန်းမြိုင်လယ်စာအုပ်ဆိုင်လေးမှာ ကျွန်မငှားဖတ်ခဲ့ရတာ။
တစ်ရက်ကိုငှားရမ်းခ ၁၀၀ ကျပ်တဲ့... ။
စာအုပ်တွေကြားမှာပဲ
မူလတန်းအရွယ်လောက်တည်းကကျင်လည်လာခဲ့တာဆိုတော့
အဲဒီအချိန်တုန်းက
ကျွန်မစာဖတ်အားသိပ်ကောင်းသည်။
တစ်ရက်ကို ဝတ္ထုလေးငါးအုပ်လောက်ကတော့အသာလေး.... ။
လေရူးသုန်သုန်ကို အချိန်သိပ်မကြာပဲ
ဖတ်ပြီးသွားခဲ့ပေမယ့် သုံးရက်
လောက်ထိ ပြန်မအပ်သေးပဲ
ထပ်ခါထပ်ခါပြန်ဖတ်မိခဲ့ဖူးသည်။
အဲဒီ စကားလက်အိုဟာရာအကြောင်းကို
ကျွန်မထပ်ခါထပ်ခါပြန်ပြောပြမိတိုင်း
ဝေက ငေါက်ငမ်းတတ်သည်။
စကားလက်ဆိုတာ..... လေရူးလိုပဲ
ဖြစ်ချင်ရာဖြစ်ပြီးလွင့်ချင်ရာလွင့်တဲ့ မိန်းမဆိုပါလား.... ။
သူက မိလာနီကိုပဲ မြတ်နိုးသတဲ့..... ။
သစ္စာတရားကြီးမြတ်သောမိန်းမ...
ဖြောင့်မတ်တည်ကြည်သောမိန်းမ....
အားကိုးယုံကြည်ထိုက်သောမိန်းမ....
တစ်ယောက်ဆိုတစ်ယောက်ကိုပဲ....
အဲဒီတစ်ယောက်ကလည်း
အခြားအမျိုးသမီးတစ်ယောက်နဲ့သို့လော.. သို့လော
ဆိုတာကိုတောင်မှပဲ ကြည်ဖြူသေးသော မိန်းမကိုတဲ့လေ.... ။
စကားလက်ဆိုတာက သူ့အမြင်အရဆိုရင်
တစ်ဦးတစ်ယောက်ကိုချစ်ခင်မြတ်နိုးတယ်ဆိုပေမယ့်
နောက်ထပ်သောတစ်ဦးတစ်ယောက်
တွေကိုလည်း နေရာထပ်ပေးနိုင်သေးသော
ပေါ့ပျက်ပျက်အမျိုးအစားဆိုပဲ..... ။
အဲဒီတုန်းကတော့ ကျွန်မက သူနဲ့အငြင်းအခုန်သိပ်မလုပ်ချင်တော့
သူ့ရဲ့ စကားလက်မုန်းတမ်းတွေကို တော်ရုံသင့်ရုံလောက်တော့
နားထောင်ပေးလိုက်ဖူးသည်။
ယောက်ျားတွေ.... ။ယောက်ျားတွေ.... ။
သူတို့ကသာရင်ဘတ်ထဲမှာတစ်ယောက်ကိုသိမ်းပြီး ဦးနှောက်နဲ့
တစ်ယောက်ယောက်ကို ထပ်ရွေးရင်ရွေးကြမည်။
မိန်းမတွေကိုကျ လက်တွေ့လောကထဲမှာမဆိုနဲ့ဦး... ။
စာအုပ်ထဲကဇာတ်ကောင်အမျိုးသမီးကိုတောင်မှပဲ ဖြူစင်သန့်ရှင်းပြီး
သူတို့အလိုကျဖြစ်စေချင်ကြတာ.... ။
သူဆိုသူမှ တစ်ယောက်တည်းကိုပဲ စောင့်စားနေစေချင်ကြသည်။
သူဆိုမှသူကိုပဲ နေရာပေးစေချင်ကြသတဲ့.... ။
မိန်းမတွေကကော..... ခန္ဓာကိုယ်တည်ဆောက်ပုံချင်းမတူတာကလွဲပြီး
သူတို့နဲ့ဘာမတူတာများရှိလို့လဲ.... ။
ချစ်တတ်တယ်.... ။
မုန်းတတ်တယ်... ။
ဖက်တွယ်တတ်တယ်.... ။
စွန့်လွှတ်တတ်တယ်.....။
တစ်ယောက်ယောက်ကိုချစ်ခင်မြတ်နိုးနေတယ်ဆိုပေမယ့်....
အဲဒီတစ်ယောက်ဆီက ဥပေက္ခာတရားကိုပဲ လက်သင့်ခံရတဲ့အခါ
နောက်ထပ်သော ကိုယ့်ကိုအမြတ်တနိုးရှိပါတယ်ဆိုသော သူဆီ
ခိုဝင်တတ်တယ်.... ။
မှီခိုလို့ရလောက်မယ်......
နာကျင်မှုတွေကိုသက်သာစေလောက်မယ်.... ဆိုတဲ့သူဆီကနေ
ကြင်နာခြင်းတွေကို လက်ခံနိုင်ခွင့်ရှိတယ်မလား.... ။
ဘာကြောင့်.... ပျက်စီးစုတ်ပြဲနေတဲ့အရာကိုပဲ ပြန်ဖာထေးပြီးအသုံးပြု
နေရမှာတဲ့လဲ.... ။
အမှတ်တရတွေကို အမှတ်တရအဖြစ်ပဲ သိမ်းထားလိုက်ရင်း
ဒီနေ့ကို ဒီနေ့မှာပဲဖြတ်သန်းခွင့် မိန်းမတွေမှာလည်းအပြည့်အဝအခွင့်
အရေးရှိကြောင်း အခွင့်အရေးရှိသေးရင်တော့ ဝေ့ကို ကျွန်မ
ပြောပြချင်သေးတာ... ။
ဒီနေ့ လေရူးသုန်သုန်စာအုပ်ကိုပြန်ဖတ်ဖြစ်တော့
စကားလက်အိုဟာရာ ကို ကျွန်မလွမ်းရပြန်သည်။
ဝေ့ကိုတော့ဖြင့် ကျွန်မ မလွမ်းလိုတော့.... ။
လွမ်းခွင့်လည်းမသာတော့.... ။
ဝေက သူ့ရဲ့ မိလာနီလေးနဲ့အတူတူ
သူ့ပြေးလမ်းပေါ်မှာသူပဲမလားလေ.....။
💖💖💖💖💖
ဝေ....
ညတာရာလင်း(ထားဝယ်)
19.6.2024
12:25pm
#ညတာရာလင်း
