ရွာငံမှာ အုပ်ချုပ်ရေးမှူးနဲ့ အမျိုးသားတယောက် သေနတ်နဲ့ ပစ်သတ်ခံရ

နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာမှာ နိုဝင်ဘာလ ၂၆ရက်၊ ညပိုင်းအချိန်က ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အမျိုးသားတယောက်တို့ သေနတ်နဲ့ ပစ်သတ်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ဘုရားကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်မျိုးနိုင်နဲ့ ဦးဆန်းဦးတို့ဟာ ဦးဇော်မျိုးနိုင်ရဲ့ နေအိမ် ဧည့်ခန်းမှာ စကားထိုင်ပြောနေစဉ် အမည်မသိ လက်နက်ကိုင်အမျိုးသားနှစ်ယောက်က ဝင်ရောက်လာပြီး သေနတ်နဲ့ ပစ်သတ်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။

“ည ၆နာရီလောက်မှာ ယောက်ကျားလေးနှစ်ယောက်ဝင်လာပြီး သေနတ်နဲ့ ပစ်သွားတာ။ အဲဒီနေရာမှာပဲ ပွဲချင်းပြီး သေသွားတယ်။ လာပစ်တဲ့သူတွေကတော့ ထွက်ပြေးသွားတယ်။ အခုထိတော့ ဖမ်းဆီးရမိတာ မရှိသေးဘူး။ ဘယ်အဖွဲ့ကလာပစ်တာ၊ ဘာကြောင့်လာပစ်တယ်ဆိုတာလည်း မသိရသေးဘူး”လို့ ဒေသခံတယောက်က VOMကို ပြောပါတယ်။

အဲဒီပစ်ခတ်မှုဖြစ်စဉ်ဖြစ်ပွားပြီးနောက် နစကတပ်ဖွဲ့က ကျေးရွာတွင်းကို လာရောက်တပ်စွဲထားကာ စစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး လုံခြုံရေးအခြေအနေ တင်းကြပ်ထားတာကြောင့် ဒေသခံတွေ သွားလာရေး အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၁)ရက်ကလည်း ရွာငံမြို့နယ်၊ သိမ်ကုန်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ဇနီးမောင်နှံ အမည်မသိလက်နက်ကိုင်အဖွဲ့မှ သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ကာ ပစ်ခတ်သွားသူတွေကို လက်ရှိအချိန်ထိတော့ ဖမ်းဆီးရမိတာမရှိသေးဘူးလို့လည်း သိရပါတယ်။

ဓာတ်ပုံ-Local

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

image