မြန်မာ ၈ ဦးပါဝင်သော ချင်းမိုင်မြို့က ကျားဖြန့်ဂိုဏ်းကို ထိုင်း CIB ဖမ်းဆီး
နိုဝင်ဘာ ၂၈
ချင်းမိုင်မြို့တဝှမ်း စီးနင်းရှာဖွေမှုများစွာ ပြုလုပ်အပြီးမှာ အွန်လိုင်းလိမ်လည်မှုပြုလုပ်နေတဲ့ ဂိုဏ်းတွေနဲ့ ဆက်စပ်ရောင်း ဝယ်နေတဲ့ ကျားဖြန့်ဂိုဏ်းတစ်ခုကို ဖြိုခွင်းလိုက်နိုင်တယ်လို့ ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CI က ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၂၇) ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
CIB Crushes the Grey Dragon လို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးကို အင်္ဂါနေ့က ပြုလုပ်ခဲ့ပြီး နေရာ ၂၁ ခုကို စီးနင်းမှုအတွင်းမှာ သံသယရှိသူ ၁၅ ဦးကို ဖမ်းဆီးခဲ့တယ်လို့လည်း CIB တပ်မှူး Jiraphop Phuride က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဖမ်းမိတဲ့အထဲမှာ ဂိုဏ်းခေါင်းဆောင် တရုတ်အမျိုးသားနဲ့ လက်ထပ်ထားတဲ့ အသက် ၃၀ အရွယ် ထိုင်းအမျိုးသမီး Jiraphan Prakobkit လည်း ပါဝင်ပါတယ်။ဂိုဏ်းခေါင်းဆောင်ဇနီးမောင်နှံအပြင် ထိုင်းအမျိုးသားတစ်ဦး၊ တရုတ်နိုင်ငံသား လေးဦးနဲ့ မြန်မာနိုင်ငံသား ရှစ်ဦးတို့ကို ကျားဖြန့်လိမ်လည်ဂိုဏ်းတွေဆီ ဆိုရှယ်မီဒီယာလုံခြုံရေး အယ်လဂိုရစ်သမ်တွေရဲ့ ထောက်လှမ်းမှုကို ရှောင်ရှားထားပြီးဖြစ်တဲ့ အကောင့်အစစ်အသွင် ခိုင်မာတဲ့ အကောင့်တုတွေကို မြင့်မားတဲ့စျေးနှုန်းနဲ့ ရောင်းချမှုအပါအဝင် ဆက်စပ်အမှုတွေအဖြစ် ဆက်သွယ်ရေးပစ္စည်းတွေကို “ခွင့်ပြုချက်မရှိဘဲ ပူးပေါင်းထုတ်လုပ်မှု၊ အသုံးပြုမှု၊ တင်သွင်း၊ တင်ပို့မှု ဒါမှမဟုတ် ဆက်သွယ်ရေးစက်တွေ ရောင်းဝယ်မှု” တွေနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
စီးနင်းမှုအတွင်း ဖမ်းမိတရားခံတွေဆီက ဘဏ်အကောင့် ၆ ခုနဲ့ ဘဏ်စာအုပ်၊ ဆင်းကတ် ၅၉၀,၀၀၀၊ ကွန်ပျူတာ ၇၂ လုံး၊ ကတ်ရီဒါ ၄၇ ခု၊ GSM Gateways ၆၄၂ ခုနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းမိခဲ့သလို ဆင်းကတ် ၅၉၀၀၀၀ ထဲမှာ ထိုင်းဆင်းမ်ကတ်က ၃၅၀၀၀၀ နဲ့ ၁၅၀၀၀၀ က ဟောင်ကောင်နဲ့ တခြားနိုင်ငံတွေက ဆင်းမ်ကတ်တွေလို့ သိရပြီး မိုဘိုင်းဖုန်းအလုံး ၁၄၅၅ လုံး စတဲ့ ပစ္စည်းပေါင်း ၅၉၂၂၃၅ ခု သိမ်းဆည်းနိုင်ခဲ့တာပါ။ ဒါကြောင့် ဒီအမှူဟာ ထိုင်းနိုင်ငံထဲ ဖမ်းမိသမျှ ကျားဖြန့်လုပ်ငန်းတွေထဲ အကြီးဆုံးဖမ်းမိမှုဖြစ်လာခဲ့ပါတယ်။ CIB ဟာ လက်ရှိမှာ ဆက်စပ်တရားခံ ၂ ဦးကို ဆက်လက်ရှာဖွေနေသလို ဒီကျားဖြန့်ဂိုဏ်းဟာ ထိုင်းနိုင်ငံအတွင်းမှာ ကျင်လည်နေတာ နှစ်နှစ်ခန့်ရှိပြီလို့လည်း CIB တပ်မှူး Jiraphop က ပြောခဲ့ပါတယ်။
Ref, Nations & Thaiger
Credit - MT News Agency
#သတင်းဟင်းလေးအိုးကြီး




