ဖြည့်စွက်ခွင့်ပြုငွေများကို ပြည်သူလူထု၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးမည့်လုပ်ငန်းများတွင်ကြပ်မတ်စိစစ်သုံးစွဲကြရန် နစကဥက္ကဋ္ဌမှာကြား
နိုဝင်ဘာ ၂၈
နိုင်ငံတော်က ထပ်မံခွင့်ပြုပေးလိုက်သည့် ဖြည့်စွက်ခွင့်ပြုငွေများကို နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အလျင်အမြန် အထောက်အကူပြုမည့်လုပ်ငန်းများနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝကို မြှင့်တင် ပေးမည့်လုပ်ငန်းများတွင် ထိထိရောက်ရောက်ဖြစ်စေရေး ကြပ်မတ်စိစစ်သုံးစွဲကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးတွင် ထည့်သွင်းပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် နိုင်ငံတော်က ထပ်မံ ခွင့်ပြုပေးလိုက်သည့် ဖြည့်စွက်ခွင့်ပြုငွေများကို နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အလျင်အမြန် အထောက်အကူပြုမည့်လုပ်ငန်းများနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးမည့်လုပ်ငန်း များတွင် ထိထိရောက်ရောက်ဖြစ်စေရေး ကြပ်မတ်စိစစ်သုံးစွဲကြစေလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက မှာကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ယခုဘဏ္ဍာနှစ်နှင့် နောင်လာမည့်ဘဏ္ဍာနှစ်များ၌ ပြည်သူလူထုနှင့် သက်ဆိုင်သော အများပြည်သူ အသုံးပြုနိုင်သည့် အခြေခံလိုအပ်ချက်များကို နေပြည်တော် ပြည်ထောင်စု နယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ဖြည့်ဆည်းပေးနိုင်ရေး ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပဒေသာပင်မြေကြီးမှ မပေါက်နိုင်ကြောင်း၊ ကြိုးစားလုပ်ကိုင်ခြင်းဖြင့်သာ ပဒေသာပင်ပေါက်နိုင် သဖြင့် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးအနက်ထား၍ ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုကြောင်း မှာကြားသည်။
၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ်ခွဲဝေပေးသည့် ဘဏ္ဍာငွေများနှင့် အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်၊ အသုံးစရိတ်များ သုံးစွဲရာတွင်လည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံး လုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ သုံးစွဲကြရန်၊ လျာထားသည့် ရငွေများကိုလည်း ပြည့်မီရုံသာမက ကျော်လွန်ရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများ အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ပေးကြရန်၊ နိုင်ငံ့ဘဏ္ဍာငွေများကို လေလွင့်ဆုံးရှုံးမှုမရှိအောင် ကြပ်မတ်ဆောင်ရွက်ပေးကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မှာကြားခဲ့သည်။
#centralnewsnaypyitaw
