ထရမ့်ရဲ့မူဝါဒကြောင့် ၂၀၂၅ မှာ ထိုင်းအိမ်ခြံမြေဈေးကွက် တိုးတက်လာနိုင်

နိုဝင်ဘာ ၂၈

ထိုင်းနိုင်ငံ အိမ်ခြံမြေဈေးကွက်ဟာ တရုတ်နိုင်ငံနဲ့ အမေရိကန်အကြိုသမ္မတဒေါ်နယ်ထရမ့်ရဲ့ အခွန်တိုးမြှင့် ကောက်ခံရေးမူဝါဒကနေ အကျိုးအမြတ်ရရှိလာမှာဖြစ်ကြောင်း ကျွမ်းကျင်သူတွေက ပြောကြားလိုက်ပါတယ်။

နိုင်ငံခြား ကုမ္ပဏီတွေဟာ ထရမ့်ရဲ့အခွန်တိုးမြှင့်ကောက်ခံမှုကို ရှောင်ရှားဖို့အတွက် အာဆီယံဒေသနဲ့ ထိုင်းနိုင်ငံ ထဲကို ၎င်းတို့ရဲ့ ထုတ်လုပ်မှုအခြေခံအဆောက်အအုံတွေ ရွှေ့ပြောင်းလာနိုင်တဲ့အတွက် လာမယ့်နှစ်မှာ ထိုင်း နိုင်ငံအတွင်း အိမ်ခြံမြေ အရောင်းမြင့်တက်လာနိုင်ကြောင်း အိမ်ခြံမြေလုပ်ငန်းအကြံပေး JLL Thailand ကုမ္ပဏီ က ပြောပါတယ်။

ကမ္ဘာပေါ်က လေးငါးနေရာမှာဖြစ်ပွားနေတဲ့ ပထဝီနိုင်ငံရေးတင်းမာမှုတွေနဲ့အတူ ယှဉ်တွဲထွက်ပေါ်လာတဲ့ အဆို ပါ မူဝါဒဟာ ထိုင်းနိုင်ငံရဲ့ EEC ( အရှေ့ဖျားစီးပွားရေးလမ်းကြောင်း) လို အလားအလာမြင့်မားတဲ့နိုင်ငံတွေဆီကို နိုင်ငံခြားကုမ္ပဏီတွေ ရွှေ့ပြောင်းလာဖို့ လမ်းညွှန်ပေးနေတာဖြစ်ကြောင်း JLL ကုမ္ပဏီရဲ့ ဦးဆောင်ညွှန်ကြားရေး မှူး မိုက်ကယ်ဂလန်ဆီက နိုဝင်ဘာ ၂၇ ရက်နေ့က ပြောပါတယ်။

“ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေကဏ္ဍကို အနီးကပ်စောင့်ကြည့်နေကြပါတယ်။ ထိုင်း အိမ်ခြံမြေကဏ္ဍဟာ ကမ္ဘာတစ် လွှား စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံဖို့ ကြိုးပမ်းနေတဲ့ နယ်မြေတစ်ခုဖြစ်လာပါ တယ်။ အာရှ-ပစိဖိတ်ဒေသက တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ထိုင်းနိုင်ငံဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ အ တွက် ဆွဲဆောင်အားကောင်းတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

ရင်းနှီးမြှုပ်နှံသူတွေက ဖွံ့ဖြိုးလာတဲ့ဈေးကွက်တွေမှာ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေ ထောက်ပံ့နိုင်ဖို့အတွက် အာဆီ ယံဒေသမှာ ကုန်လှောင်ရုံတွေနဲ့ ဒေတာစင်တာတွေ တည်ဆောက်ဖို့ ကြိုးပမ်းနေတဲ့ ရင်းနှီးမြှုပ်နှံသူ တွေကြားမှာ ထရမ့်ရဲ့မူဝါဒဟာ ထိုင်းနိုင်ငံကို ပိုမိုစိတ်ဝင်စားဖွယ်ကောင်းတဲ့နိုင်ငံဖြစ်လာအောင် ပြုလုပ်ပေး သွားမှာဖြစ်တယ် လို့ JLL ကုမ္ပဏီရဲ့ သုတေသနနဲ့ အကြံပေးအဖွဲ့ အကြီးအကဲ အန်နာဝင်းချီယမ်ပရာဆတ်က ပြောပါတယ်။

ဒေတာစင်တာဝန်ဆောင်မှုတွေအတွက် ဝယ်လိုအားဟာ ဆက်လက်တိုးတက်လာဖို့ရှိနေပြီး အဲဒီတိုးတက်မှုဟာ Cloud First Policy နဲ့ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ရဲ့ ရေရှည်ရင်းနှီးမြှုပ်နံှသူများအတွက် မက်လုံးဆုကြေးတွေလို အစိုးရရဲ့မူဝါဒတွေက မြှင့်တင်ပေးတဲ့ အလားအလာကောင်းတဲ့ ဒစ်ဂျစ်တယ်ဗဟိုချက်မအဖြစ် တွန်းပို့ပေးသွား မှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

အခုနှစ်မှာ ထိုင်း အိမ်ခြံမြေကဏ္ဍဟာ စီးပွားရေးနှောင့်နှေးမှု၊ အိမ်ထောင်စုအကြွေးမြင့်တက်မှုနဲ့ အိမ်ရာချေးငွေ အတိုးနှုန်းမြင့်မားခြင်းတို့အပါအဝင် အကြောင်းရင်းလေးငါးခုရဲ့ ဖိအားတွေကို ခံနေရကြောင်း အန်နာဝင်းက ပြောပါတယ်။

ဒါပေမဲ့ ၂၀၂၅ ခုနှစ် အစောပိုင်းကာလမှာ နောက်ထပ် ဗဟိုဘဏ်အတိုးနှုန်းလျှော့ချတာတွေ ရှိလာနိုင်တယ်လို့ ယုံကြည်ထားပေမဲ့လည်း ဝယ်လိုအား ချက်ချင်းပြန်လည် မြင့်တက်လာမှာမဟုတ်ကြောင်း ၎င်းက ပြောပါတယ်။

လာမယ့်နှစ်မှာ အိမ်ခြံမြေဈေးကွက်မှာ အထူးသဖြင့် လူနေအိမ်ကဏ္ဍမှာ ဝယ်လိုအားလမ်းကြောင်း အပြောင်းအ လဲဖြစ်ပေါ်လာနိုင်ပြီး ချေးငွေလျှောက်ထားရတဲ့ ဒုက္ခသုက္ခတွေက ရှောင်ရှားဖို့အတွက် ဝယ်လက်တွေဟာ ဝယ် ယူတာထက် ငှားရမ်းနေထိုင်တဲ့လမ်းကြောင်းဘက်ကို ပြောင်းလဲသွားနိုင်ကြောင်း ၎င်းက ပြောပါတယ်။

လာမယ့်နှစ်အတွင်း ဘန်ကောက်မြို့တွင်းနယ်မြေတွေမှာ ကွန်ဒိုတိုက်ခန်းအငှားဈေးကွက် ၄၀% အထိ မြင့် တက်လာနိုင်ကြောင်း အန်နာဝင်းချီယမ်ပရာဆတ်က ပြောပါတယ်။

Ref: Trump’s policy to drive growth of Thai property sector in 2025

Credit - NV News Agency

#သတင်းဟင်းလေးအိုးကြီး

image