Part-3
တစ်ခဏ

သူ့ကျန်မာရေးအရ လမ်းမလျောက်နိုင်တော့တဲ့အချိန်မှာ သူ့ကိုပြုစုဖို့ စစ်ကိုင်းက သူ့မြေးမလေးနှစ်ယောက်ကိုပါ ခေါ်ထားလိုက်ပါတယ်။ ကလေးနှစ်ယောက်ကသူ့ဝေယျာဝစ္စလုပ်ပေးချိန် အနားမှာ ကျွန်မကိုမတွေ့ရင် “နင်တို့ဒေါ်လေး ပြန်မလာသေးဘူးလား” လို့အမြဲမေးပါတယ်။ ကျွန်မကိုမတွေ့ရင် အပြင်ထွက်တယ်လို့ထင်ပြီး စိတ်ပူတယ်။ အားကိုးတာလည်းပါမှာပေါ့လေ။ ဆေးရုံမတက်ခင် တစ်ရက်အလိုမှာ သူအိပ်ပျော်နေရင်း “ဘဝခြားပြီထင်တယ်”လို့ သုံးခါလောက်ပြောတာ သူ့ကိုယ်သူမနေရတော့မှန်း ကြိုသိနေတာပဲဖြစ်မယ်ထင်ပါတယ်။ ဆေးရုံတက်ပြီးတစ်ရက်အရှိမှာပဲ ဝါဆိုလပြည့်နေ့ညနေ ၆း၄၅ မှာ သူဆုံးသွားတာပါ။ မဆုံးခင်တစ်နေ့လုံး သူ့အနားမှာ သူ့မျက်နှာကို တစိမ့်စိမ့်ကြည့်နေမိတာ။ သူ့မျက်လုံးတွေကမှိတ်မထားဘဲ မှေးပြီး ကျွန်မကိုကြည့်နေတာ။ မောင်ဝင်းတင့်ဆွဲပေးတဲ့ သူ့ပုံတူပန်းချီထဲက မျက်လုံးအတိုင်း တစ်ထပ်တည်းမို့ ကျွန်မ မောင်ဝင်းတင့်ကိုလည်းကျေးဇူးတင်မိတယ်။ ပုံကိုစေ့စေ့ကြည့်ရင် သူအသက်ဝင်လာပြီး စကားများပြောလေမလားလို့တောင် ခဏခဏ မျှော်လင့်မိတယ်။
ရေဝေးမှာ အသုဘချ မီးသင်္ဂြိုဟ်အပြီး မောင်သိန်းဇော်ကိုနှုတ်ဆက်ရင်း သူစပ်ထားတဲ့ကဗျာလေးကို ရွတ်ပြခဲ့ပါတယ်။ ကဗျာထဲက ခံစားမှုအတိုင်း ကျွန်မခံစားနေရလို့ပါ။
သူနဲ့နေခဲ့ရတဲ့အချိန်တွေတိုင်း ပြန်တွေးရင် ကြည်နူးစရာတွေအပြည့်ပါ။ လင်မယား ရန်ဖြစ်တယ်ဆိုတာ ကျွန်မတို့ကမ္ဘာမှာ မရှိသလောက်ပါဘဲ။ ခရီးရှည်တွေထွက်လိုက်ကြ၊ သင်တန်းမရှိတဲ့နေ့တွေမှာ ရန်ကုန်အနီးအနားမရောက်ဖူးတဲ့နေရာတွေ ကားလျှောက်မောင်းရင်း လမ်းဘေးအကြော်ဆိုင်တွေ ထိုင်စားကြ၊ အရက်ပုလင်းတွေ ဝယ်လိုက်ကြ၊ အလှူအတန်းတွေလုပ်လိုက်ကြ၊ ဒမ္မဒါနစာအုပ်တွေ သူင computer ရိုက် ကျွန်မ မိတ္တူဆိုင်မှာသွားကူး မိတ်ဆွေတွေကိုလိုက်ဝေကြ၊ တစ်ပတ်မှာ နှစ်ရက် whisky သောက်ရင်း(ကျွန်မက အချိုရည်) ကိုအံ့ကြီး၊ စံလင်း၊ ဖြူသီ၊ ခင်မောင်တိုး သီချင်းတွေဖွင့် နားထောင်ကြ၊ သူဆောင်းပါးရေးတော့မယ်ဆိုရင် လိုအပ်တဲ့ကျမ်းးကိုးတွေ ကျွန်မရှာပေး၊ မင်္ဂလာနှစ်ပတ်လည်ရောက်တိုင်း သူ့အပေါင်းအသင်း ကျွန်မအပေါင်းအသင်းတွေနဲ့ စစ်ကိုင်းမှာ ဆန်အလှုလုပ် မရောက်ဖူးသေးတဲ့နေရာသစ်တွေ ကုသိုလိဖြစ်ပို့ပေး၊ နှစ်စဉ် ကျိုက်ထီးရိုးဘုရားဖူးထွက်ရတာလည်း အကြိန်မရေတွက်နိုင်၊ ပြန်တွေးပြီးပြန်ရေးရတာ မျက်ရည်တွေကြားက ကြည်းနူးစရာတွေပ်၊ ထာဝရမဖြစ်နိုင်ပေမဲ့ တစ်ခဏဆိုတဲ့ ၅၂ နှစ်ကိုတော့ ကျေကျေနပ်နပ်ကြီး ဖြတ်သန်းခဲ့ရလို့ “ကို့”ကို အထူးကျေးဇူးတင်ပါတယ်။
နေ့စဉ် ဆရာ့ဂုဏ်ကျေးဇူးကို သိမြင်ပြီး ကန်တော့သလို၊ ကာယကံ၊ ဝစီကံ၊ မနောကံတို့နဲ့ ပြစ်မှားမိခဲ့ရင်လည်း ခွင့်လွှတ်ဖို့ ကန်တော့ပါတယ်။ “နွေး” ပြုသမျှကုသိုလ်အားလုံးကိုလည်း အမျှဝေပါတယ်။ အေးချမ်းမြင့်မြတ်တဲ့ ဘုံဘဝက သာဓုခေါ်ပါ။ အကြောင်းကံတိုက်ဆိုင်ရင်တော့ ပြန်ဆုံချင်ပါသေးတယ် “ကို”။
“ကို့”အတွက် အမှတ်တရ ဒီဆောင်းကါးလေးရေးပြီးတဲ့နေ့က 27-2-2023 “နွေ”ရဲ့ ၆၉နှစ်ပြည့်မွေးနေ့ပါ။ မွေးနေ့လက်ဆောင် သူများနဲ့ မတူတာလေးဘာပေးမလည်းလို့မေးရင်လည်း မကြားနိုင်တော့မှာမို့ မမေးတော့ပါဘူးနော်။ “အသည်း၌ လှိုက်လှဲဖြစ်သော ချစ်လက်ဆောင်ကိုသာ အပ်နှင်းချင်” လို့ဖြေမို့ပါ…သိနေတယ်။
ကျွန်မမွေးနေ့အတွက် ဆုတောင်းပေးကြတဲ့အထဲက ဆရာလင်းဝေရဲ့ ကဗျာလေးကိုဖတ်ပြီး ကျွန်မ တသိမ့်သိမ့်ခံစား တစိမ့်စိမ့်လွမ်ူနေမှာပါ။

Happy Birthday ပါဆရာမကြီး
မဟာနိုး၏ မြတ်နိုးဆွတ်ကြင်
ရင်တစ်ခုလုံး သိမ်းကျုံးပိုက်ပွေ့
မေတ္တာငွေ့ကို ချမ်းမြေ့ငုံဖူး ရခဲ့ဖူးသို့
ကြည်နုးစရာ အတိတ်ရွာ၏ သာယာတိုးတိတ်
ကြည်နူးစိတ်တို့ အရိပ်ပမာ မခွဲခွာဘဲ
ခြိမ့်သဲရွှန်းမြ ဘဝသက်ထက်တိုင်ပါစေ။ ။
သုလင်းဝေ

နွယ်သာနိုး