25 ပတ် - ဘာသာပြန်ပါ။

Part-2
ရေနံ့သာ ခင်ခင်ကြီး - အပိုင်း(၁)
မောင်သိန်းဆိုင်
ယင်းမှဲ့ကြောင့် ရုပ်သွင်မှာ ပို၍ခံ့ထည်လာသယောင် ထင်ရသည်။ စကားပြောလေပြီဆိုလျှင် မှဲ့ရှင်သည် လှုပ်ရှားနေတတ်ရာ လူတို့၏အကြည့်သည် မှဲ့ရှင်ပေါ်မှာ ကျရောက်နေသည်။ မှဲ့ရှင်ကပင် လူတို့၏စိတ်အာရုံကို ဆွဲဆောင်ထားသည့်နှယ် ဖြစ်သည်။ စင်စစ် သူမနှင့် ပတ်သက်သည့်အမှုအခင်းတစ်ခု ဖြစ်မလာမီကတည်းက ဒေါ်ရေနံ့သာ ခင်ခင်ကြီးမှာ ထူးခြားသူ၊ ဆန်းကြယ်သူ ဖြစ်သည်။
လူအများက သူမအား အာရုံစိုက်ကြသည်။ ဂရု တစိုက်ရှိကြသည်။ သူမ ကိုယ်တိုင်၌ကမူ မည်သူ့ကိုမျှ အာရုံ မစိုက်၊ ဂရုမထား၊ တသီးတသန့် နေတတ်လေ့ရှိသည်ပင်။ အလုပ်အကိုင်နှင့် ပတ်သက်စပ်ဆိုင်ခြင်းမရှိဘဲနှင့် မည်သူ့ထံမျှ မသွား။ သူမ အိမ်သို့ လာရောက်တတ်သူများကိုလည်း ရင်းနှီးဖော်ရွေစွာ ဧည့်ခံစကားပြောလေ့ ရှိသူမဟုတ်။ သူမ၏အိမ်တွင်လည်း လူများများစားစား တွေ့ ရတတ်သည် မဟုတ်ချေ။ ထိုအတွက် ရှေးမဆွကပင် လူတို့ ဒေါ်ရေနံ့သာ ခင်ခင်ကြီးနှင့် စပ်လျဉ်းကာ ပဟေဠိတစ်ပုဒ်သဖွယ် ရှိနေသည်။ ပြီးလျှင် ယင်းအမျိုးသမီးကြီးမှာ အိမ်ထောင်မရှိ၊ အထီးတည်းနေသည် ဖြစ်ခြင်းကြောင့်လက်တည့်စမ်းလိုသော၊ သို့မဟုတ် သူမ၏ပစ္စည်းဥစ္စာများအပေါ် စုံမက်ခြင်းရှိသော၊ သို့မဟုတ် သူမ၏အလှအပတွင် ယစ်မူးသောသူအချို့တို့သည် တတ်နိုင်သမျှ ဒေါ်ရေနံ့သာခင်ခင်ကြီးအား ချဉ်းကပ်ကြသည်။ အကျွမ်းတဝင် ဖြစ်စေရန် တတ်နိုင်သမျှ အားထုတ်ကြသည်။ သို့ရာတွင် ယင်းသို့ ကြိုးပမ်း အားထုတ်မိသူမှန်သမျှ လက်လျှော့ကြရသည်ချည်းသာ ဖြစ်သည်။ နောက်ဆုတ်ကြရသည်သာ ဖြစ်သည်။
အချို့က ဒေါ်ရေနံ့သာခင်ခင်ကြီးအား အပျိုကြီးဟု ထင်သည်။ အချို့ကမူ တစ်ခုလပ်လိုလို၊ မုဆိုးမလိုလို ပြောကြသည်။ တစ်စုံတစ်ဦးမျှ အတိအကျ မပြောနိုင်။ ဒေါ်ရေနံ့သာခင်ခင်ကြီးသည် မည်သို့ ထင်ရှားသောပုဂ္ဂိုလ်ပင် ဖြစ်စေ၊ မည်သို့ ကျော်ကြားသောသူကိုပင် ဆိုစေ၊ သာမန်ထက်ပို၍ တလေးတစား ဆက်ဆံခြင်း အရေးပေးခြင်း မပြု။ တစ်စုံတစ်ယောက်၏ ဒုက္ခ သုခ၊ အခက်အခဲ အကျပ်အတည်းကိုလည်း စိတ်မဝင်စား၊ ဘာသိဘာသာ နေလေ့ရှိသည်။ ယင်းသို့သောအဖြစ်အပျက်များ သူမ ဘဝ၌ အခါခါအကြိမ်ကြိမ် ကြုံခဲ့ပြီး ဖြစ်ဟန်တူသည်။ လောကဓံ၏ ထုထောင်း နှိပ်စက်မှုဒဏ်ကို အဖန်တလဲလဲ ခံစားထိတွေ့ ရဖူးသည့်ပမာ တည်ငြိမ်ရင့်ကျက်သူ ဖြစ်သည်။
ဒေါ်ရေနံ့သာခင်ခင်ကြီးသည် ပြုံးခဲရယ်ခဲသည်။ မျက်ဝန်းသည် ထာဝစဉ် လွမ်းရိပ်သမ်းနေသည်။ မျက်နှာမှာ အစဉ်မှိုင်းနေတတ်သည်ဆိုခြင်းကို ရင်းနှီးသူတို့ သတိပြုမိခဲ့ကြသည်။ စကားနည်းသည်၊ စကားပြောပြီ ဆိုလျှင် ပြတ်ပြတ်တောက်တောက် ပြောတတ်သည် ဆိုခြင်းကို လူတို့ သတိပြုမိခဲ့သည်မှာ ကြာပြီ။ ဒေါ်ရေနံ့သာ ခင်ခင် ကြီးသည် သူမ၏ဘဝအကြောင်းကို မည်သည့်အခါမျှ ထုတ်ဖော်ပြောပြလေ့ မရှိ။ အစပ်စုမခံ။ သည်အကြောင်း ဆိုက် ရောက်လာပြီဆိုလျှင် စကားလွှဲပြောင်းပစ်တတ်လေ့ရှိသည်။ ထို့ကြောင့် ငယ်ပေါင်းကြီးဖော် မဟုတ်ပါက ဒေါ်ရေနံ့သာ ခင်ခင်ကြီးဟူသည် ပဟေဠိတစ်ပုဒ်နှယ် ဆန်းကြယ်သော မိန်းမကြီးတစ်ယောက်အဖြစ် အထင်ရောက်ကြသည်။
တလောကပင် ယင်း၏အမည် သတင်းစာများ၌ ပါဝင်လာသည်ကို သတိထားကြည့်သူတို့ ဂရုပြုမိကြသည်။ ရင်းနှီးကျွမ်းဝင်သူတို့သာမက ဝေးနီးချုပ်စပ်တွင်ပင် သည်အမည် ဂယက်ရိုက်လျက် ပဲ့တင်ထပ်သည်။ ဤသည်ကား ဒေါ်ရေနံ့သာခင်ခင်ကြီးက လူတစ်ယောက်အား ရက်ရက်စက်စက် သတ်ဖြတ်လိုက်သည်ဆိုသော သတင်းပေတည်း။
ထိုသတင်းကို ကြားရသောသူတို့သည် မိမိနားကိုပင် မယုံချင်အောင် ရှိသည်။ ဟုတ်ပါ့မလား၊ ဖြစ်နိုင်ပါ့မလား စသည်ဖြင့် ဒွိဟ စိတ်ဝင်စားကြသည်။ ရုံးတွင် ဒေါ်ရေနံ့သာခင်ခင်ကြီးကိုယ်တိုင်က လူသတ်မှုကို ကျူးလွန်မိပါသည်ဟု ဖြောင့်ဆို ဝန်ခံကြောင်း သိရသောအခါ လူတို့ ထိတ်လန့် အံ့သြကြရသည်။ တုန်လှုပ်ချောက်ချားကြသည်။ စင်စစ် ဒေါ်ရေနံ့သာခင်ခင်ကြီးကဲ့သို့ အဘက်ဘက်က ပြည့်စုံသူ အရာရာအဆင်ပြေသူတစ်ဦးအနေနှင့် ရန်ငြိုးရန်စ မရှိပါဘဲလျက် လူတစ်ဦး၏အသက်ကို ရက်ရက်စက်စက် သတ်ဖြတ်လိုက်သည်ဆိုခြင်းမှာ ယုံနိုင်ဖွယ်ပင် မရှိ။
သို့တိုင်အောင် . . .မိမိ၏အသက် လေးဆယ့်ငါးနှစ် ပြည့်မြောက်သော နေ့၊ မိမိမွေးနေ့မှာမူ ဒေါ်ရေနံ့သာခင်ခင်ကြီးသည် လူသတ်မှုဖြင့် အကျဉ်းထောင်အတွင်း ရောက်ရှိနေရသည် အမှန်ပင်။ လူအပေါင်းတို့က မိမိအား ရက်စက်လှချေကလားဟု အထင်ရောက်ကြမည်။ တရားဥပဒေက အသေစားသေစေ၊ သို့မဟုတ် တစ်သက်တစ်ကျွန်း၊ သို့မဟုတ် ထောင်ဆယ်နှစ် စသည်ဖြင့် အပြစ်ဒဏ်ချမှတ်ခြင်း ပြုချင်ပြုပေလိမ့်မည်။
ဒေါ် ရေနံ့သာခင်ခင်ကြီးသည် ဥပဒေ၏ဒဏ်ခတ်မှုကို ကြည်ကြည်သာသာ ခံယူရန် ဆုံးဖြတ်ပြီး ဖြစ်သည်။ သူမဘက်မှ လိုက်ပါဆောင်ရွက်ကြကုန်သော ရှေ့နေရှေ့ရပ်တို့အား "သိပ်ကြိုးကြိုးစားစား ကာကွယ်လျှောက်လဲမနေကြပါနဲ့ရှင်၊ ကျွန်မထိုက်နဲ့ ကျွန်မကံရှိပါစေ။ ကျသမျှအပြစ်ဒဏ်ကို ခံဖို့အသင့်ပါ" ဆိုခဲ့သည်။ ထိုအတွက် ရှေ့နေရှေ့ရပ်တို့သာမက လူအများကပင် အံ့သြကြသည်။ ဒေါ်ရေနံ့သာခင်ခင်ကြီးသည် တရားသူကြီး၏ရှေ့မှောက်တွင်လည်း မိမိတွင် အပြစ်ရှိကြောင်း၊ တကယ်တမ်း လူတစ်ယောက်ကို မိမိလက်ဖြင့် သတ်ဖြတ်ခဲ့ကြောင်း၊ ထိုအတွက် ရုံးတော်မှ ပေးအပ်မည့်အပြစ်ဒဏ်ကို ခံယူဖို့ အသင့်ရှိနေကြောင်း ထွက်ဆိုခဲ့သည်။
တရားသူကြီးမင်းသည် သူ၏တစ်သက်တာ၌ ကြုံဆုံရလိမ့်မည်ဟု မထင်မှတ်ခဲ့သောအမျိုးသမီးကြီးတစ်ဦး၊ အမည်သတင်းကို အခါခါကြားဖူးလျက် ယခုမှသာ လူကိုမြင်ဖူးလျက် သူမ၏ ချမ်းသာကြွယ်ဝမှုနှင့် လှပမှုအတွက် စိတ်ဝင်တစားရှိခဲ့ရသော အမျိုးသမီးကြီးတစ်ဦး၏အမှုကို ကိုင်တွယ်နေရသဖြင့် ဝမ်းမြောက်မိဟန်ရှိသော်လည်း ဒေါ်ရေနံ့သာခင်ခင်ကြီး၏စကားကို ကြားလိုက်ရသည့်အခါ စိတ်မှာ မကျေနပ်နိုင်သလို ဖြစ်လာသည်။ ဒေါ်ရေနံ့သာ ခင်ခင်ကြီးအား အဘယ်ကြောင့် ထိုသူကို သတ်ဖြတ်ခဲ့လေသနည်းဟု စေ့ငုသည်။
“သူ့ကို ကျွန်မက သတ်လိုက်တာကိုသာ လူတွေက မြင်ကြတာပါ။ ကျွန်မကို သူ သတ်ခဲ့တယ်ဆိုတာကိုတော့ လူတွေက မမြင်ခဲ့ကြပါဘူး။ ဟုတ်ပါတယ်၊ ကျွန်မဟာ သူ့ကြောင့် သေခဲ့တယ်။ သူ့ကြောင့်ပဲ အသက်ရှင်ရက်နဲ့ သေခဲ့ရတယ်”
စသည်ဖြင့် နာကြည်း ခံပြင်းစွာ ပြောပြခဲ့သည်။

မေတ္တာဖြင့်
သောကြာကြိုက်သောစာစုများ စာပေပေ့ခ်ျထဲမှ ကူးယူမျှဝေပေးပါသည်။

image