နွေရာသီ အပြောင်းအရွှေ့သတင်းများက ခြေစွမ်းအပေါ် ရိုက်ခတ်ခဲ့ကြောင်း ဗီနီရှပ်စ် ပြောကြားလာ
နိုဝင်ဘာ ၁၇
ရီးရဲလ်မက်ဒရစ်စူပါစတားဗီနီရှပ်စ်ဂျူနီယာက နွေရာသီ အပြောင်းအရွှေ့ကြောင့် ယခုရာသီအစ ခြေစွမ်းအပေါ် များစွာ ရိုက်ခတ်ခဲ့ကြောင်း ဖွင့်ဟ ပြောကြားလာပါတယ်။
ဘရာဇီးလက်ရွေးစင်စတားဟာ ယခုရာသီတွင် ဂျိုဆေးမော်ရင်ဟိုကိုင်တွယ်နေတဲ့ ရီးရဲလ်မက်ဒရစ်အတွက် ၁၂ ပွဲကစားထားရာမှာ ၁ ဂိုးတည်းသာ သွင်းထားနိုင်ပြီး ၃ ကြိမ် ဖန်တီးထားပါတယ်။
သူဟာ နွေရာသီတုန်းက အာဆင်နယ်သို့ ပြောင်းမယ်လို့ သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်ခဲ့ပြီးမှ ရီးရဲလ်မက်ဒရစ်နှင့် စာချုပ်သစ်ချုပ်ဆိုခဲ့သူလည်း ဖြစ်ပါတယ်။
အသက် ၂၆ နှစ်ရှိ ဗီနီရှပ်စ်က "ကမ္ဘာ့ဖလားပြီးတော့ ကျွန်တော် ကောင်းကောင်း မပြင်ဆင်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီပြိုင်ပွဲက ဘရာဇီးသားတွေအားလုံးကို အများကြီး ရိုက်ခတ်ခဲ့လို့ပါ။ မမျှော်လင့်ထားဘဲ စောစောစီးစီး ထွက်ခဲ့ရတယ်။ ဒီတော့ အားလပ်ရက်ကို အသုံးချပြီး ကိုယ့်ကိုယ်ကိုယ် ပျော်အောင်နေတယ်၊ အပန်းဖြေတယ်၊ မိသားစုနဲ့ အချိန်ဖြုန်းတယ်။ အရင်နှစ်တွေကလောက် မလေ့ကျင့်ခဲ့ဘူး။ ဒါကပဲ ကျွန်တော့်ရာသီအစကို ရိုက်ခတ်ခဲ့တာ ဖြစ်နိုင်တယ်။ ပြီးတော့ ကျွန်တော့်စာချုပ်ကိစ္စပါ။ နွေတုန်းက ကလပ်အများကြီးက ကျွန်တော့်ကို စိတ်ဝင်စားကြောင်း ပြသခဲ့တယ်။ ရီးရဲလ်မက်ဒရစ်အခြေအနေက ကျွန်တော့်ကို အရမ်းဖိစီးခံခဲ့ရတယ်။ ဒါပေမယ့် ဒါက ရှည်လျားတဲ့ ရာသီပါ"လို့ ပြောကြားသွားပါတယ်။
ဗီနီရှပ်စ်ဟာ အောက်တိုဘာလတုန်းက ဗီလာရီးရဲလ်နှင့်ပွဲတွင် နသန်ဆာလီဘာကို ဆံပင်ဆွဲခဲ့မှုအတွက် ၄ ပွဲပယ်ခံခဲ့ရပါတယ်။
ဗီနီရှပ်စ် ပွဲပယ်ခံထားရစဉ်အတွင်း ယန်ဒေယိုမန်ဒီက ဘယ်တောင်ပံတွင် ပွဲထွက်ကစားကာ ၄ ဂိုးအထိ သွင်းပြီး ခြေစွမ်းပြလာပါတယ်။
မော်ရင်ဟိုဦးဆောင်တဲ့ ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် စနေနေ့တွင် ဆဲလ်တာဗီဂိုအား ဧည့်ခံကစားရပါမယ်။