မြန်မာနိုင်ငံတွင် ဆီးချိုသွေးချိုရောဂါရှိသူ ၇ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး ရောဂါကနဦးအဆင့်ရှိသူ ၁၂ ဒသမ ၃ ရာခိုင်နှုန်းရှိနေ
နိုဝင်ဘာ ၁၇
မြန်မာနိုင်ငံတွင် ဆီးချိုသွေးချိုရောဂါရှိသူ ၇ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး ရောဂါကနဦးအဆင့် ဖြစ်ပွားနေသူ ၁၂ ဒသမ ၃ ရာခိုင်နှုန်းရှိနေကြောင်း ၂၀၂၄ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားနိုင်ခြေလေ့လာမှု (STEPS Survey) အရ သိရသည်။
အဆိုပါအခြေအနေများနှင့်ပတ်သက်၍ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာဝန်အသင်းနှင့် ဆေးရုံအုပ်ကြီးများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဆီးချိုသွေးချိုရောဂါသည် အရွယ်မတိုင်မီ သေဆုံးမှုဖြစ်စေသည့် အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်ပြီး ရောဂါလက္ခဏာများ ထင်ရှားစွာမပြဘဲ တိတ်တဆိတ်ဖြစ်ပွားတတ်သည့်အတွက် အချိန်မီစစ်ဆေးမှုမရှိပါက ကျောက်ကပ်ပျက်စီးခြင်း၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် မျက်စိကွယ်ခြင်းတို့အပါအဝင် ပြင်းထန်သည့် နောက်ဆက်တွဲကျန်းမာရေးဆိုးကျိုးများ ဖြစ်ပွားနိုင်ကြောင်း ပြောကြားသည်။
ယခုနှစ် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်မှာ “Early Action on Diabetes” ဖြစ်ပြီး ဆီးချိုသွေးချိုရောဂါကို စောစီးစွာရှာဖွေစစ်ဆေးကာ အချိန်မီထိန်းချုပ်ကုသနိုင်ရေး ရည်ရွယ်ထားကြောင်း၊ ယင်းဆောင်ပုဒ်ကို မြန်မာဘာသာဖြင့် “ဆီးချိုသွေးချိုရောဂါဘေး စောစောရှာဖွေကုသပေး” ဟု ပြန်ဆိုထားကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆီးချိုသွေးချိုရောဂါအပါအဝင် မကူးစက်နိုင်သောရောဂါများကြောင့် ဖြစ်ပွားသေဆုံးမှု လျှော့ချနိုင်ရေးအတွက် မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၂၃-၂၀၂၇) ကို ရေးဆွဲအကောင်အထည်ဖော်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့ပြင် တစ်နိုင်ငံလုံးရှိ ကျေးလက်ကျန်းမာရေးဌာနများနှင့် ဌာနခွဲများတွင် မကူးစက်နိုင်သောရောဂါများ စစ်ဆေးကုသပေးသည့် ဆေးခန်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဖွင့်လှစ်ပေးလျက်ရှိပြီး ကုသမှုအတွက် လိုအပ်သည့် အခြေခံဆေးဝါးနှင့် ဆေးပစ္စည်းများကို နိုင်ငံတော်က ကျပ်သန်းပေါင်းများစွာ အကုန်အကျခံဝယ်ယူကာ ပြည်သူများအား အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ထိရောက်သည့် စစ်ဆေးကုသမှုများပေးနိုင်ရေးအတွက် အခြေခံကျန်းမာရေးဝန်ထမ်းများကို စွမ်းဆောင်ရည်မြှင့်သင်တန်းများ ပို့ချပေးခြင်း၊ ပြည်သူ့ဆေးရုံများတွင်လည်း အထူးကုဆရာဝန်ကြီးများဦးဆောင်၍ လိုအပ်သည့် ဆေးကုသမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် တက်ရောက်လာသူများသည် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ မှတ်တမ်းဗီဒီယိုနှင့် ခင်းကျင်းပြသထားသည့် ပြခန်းငယ်များကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
