4 ရက် - ဘာသာပြန်ပါ။

ထိုင်းနိုင်ငံရှိ ချင်းမိုင်နှင့် တာ့ခ်ခရိုင်တို့တွင် မြန်မာနိုင်ငံသားများအပါအဝင် ၁၀ ဦး သီးခြားစီ ဖမ်းဆီးခံရ

နိုဝင်ဘာ ၁၁

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်နှင့် တာ့ခ်ခရိုင်တို့တွင် တရားမဝင်နေထိုင်မှု၊ ခွင့်ပြုချက်မရှိဘဲ စီးပွားရေးလုပ်ငန်းနှင့် အလုပ်အကိုင်များ လုပ်ကိုင်မှုတို့ကြောင့် မြန်မာနိုင်ငံသား ၆ ဦးနှင့် ထိုင်းနိုင်ငံသား ၄ ဦး စုစုပေါင်း ၁၀ ဦးကို နိုဝင်ဘာ ၉ ရက်တွင် သက်ဆိုင်ရာအာဏာပိုင်များက သီးခြားစီ ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။

တာ့ခ်ခရိုင်၊ ဝမ်ကျောက်မြို့နယ်၊ နာဘော့ကျေးရွာတွင် နေထိုင်ခွင့်အထောက်အထားမရှိဘဲ နေထိုင်နေသည့် အသက် ၆၄ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးကို သတင်းပေးချက်အရ နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးအရာရှိများက ဖမ်းဆီးခဲ့ပြီး နေရပ်ပြန်ပို့ရေးဌာနခွဲသို့ လွှဲပြောင်းခဲ့သည်။

ထို့ပြင် ချင်းမိုင်ခရိုင်၊ ဟန်ဒေါင်းမြို့နယ်၊ နောင်ကဲဝ်ကျေးရွာရှိ အဆောင်တစ်ခုကိုလည်း အုပ်ချုပ်ရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များက နံနက် ၆ နာရီခန့်တွင် ဝင်ရောက်ရှာဖွေခဲ့ရာ တရားဝင်နေထိုင်ခွင့်မရှိသည့် အသက် ၆၀ ဝန်းကျင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ ဦးကို ဖမ်းဆီးရမိခဲ့သည်။ ယင်းအလုပ်သမားများကို ကူညီပေးခဲ့သည်ဟုဆိုကာ အသက် ၆၆ နှစ်နှင့် ၇၃ နှစ်အရွယ် ထိုင်းနိုင်ငံသား ၂ ဦးကိုလည်း ဖမ်းဆီးခဲ့ပြီး ဟန်ဒေါင်းရဲစခန်းသို့ လွှဲပြောင်းခဲ့သည်။

အလားတူ ချင်းမိုင်ခရိုင်၊ မောင်းမြို့နယ်၊ မဲဟိယရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို တရားရုံး၏ ဖမ်းဝရမ်းဖြင့် ဝင်ရောက်စစ်ဆေးခဲ့ရာ ဗီဇာလျှောက်ထားခြင်းနှင့် အခြားစာရွက်စာတမ်းဆိုင်ရာ ဝန်ဆောင်မှုများကို တရားမဝင်လုပ်ကိုင်နေသည့် မြန်မာအမျိုးသား ၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ မြန်မာအမျိုးသား ၂ ဦးသည် ဖော်လိုဝါ ၂၀,၀၀၀ ကျော်ရှိသည့် ဗီဇာဝန်ဆောင်မှုဆိုင်ရာ ဖေ့စ်ဘွတ်ခ်စာမျက်နှာတစ်ခုကိုလည်း လည်ပတ်ခဲ့ပြီး ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစတင်ကာ ဗီဇာလျှောက်ထားခြင်း၊ သက်တမ်းတိုးခြင်း၊ ယာဉ်အခွန်ဆောင်ခြင်းနှင့် အိမ်ငှားရမ်းခြင်းဆိုင်ရာ ဝန်ဆောင်မှုများကို လုပ်ကိုင်ခဲ့ကြောင်း ဝန်ခံထားသည်။ တစ်ကြိမ်လျှင် ဝန်ဆောင်ခ ဘတ် ၃၀၀ မှ ၅၀၀ အထိ ရရှိခဲ့ကြောင်းလည်း သိရသည်။

၎င်းတို့နှစ်ဦးကို ခွင့်ပြုချက်မရှိဘဲ စီးပွားရေးလုပ်ငန်းလုပ်ကိုင်မှုနှင့် နိုင်ငံခြားသားများ လုပ်ကိုင်ခွင့်မရှိသည့် ပွဲစား၊ အေဂျင်စီနှင့် ရုံးစာရေးလုပ်ငန်းများ လုပ်ကိုင်မှုတို့ဖြင့် အရေးယူနိုင်ရန် လူဝင်မှုကြီးကြပ်ရေးဗျူရို၊ စုံစမ်းစစ်ဆေးရေးဌာနခွဲ ၅ သို့ လွှဲပြောင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုဖြစ်စဉ်များမတိုင်မီ အောက်တိုဘာ ၁၇ ရက်နှင့် ၁၉ ရက်တို့တွင်လည်း တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း မြန်မာနိုင်ငံသား ၂၀၀ ကျော်နှင့် ၁၈ ဦးတို့ကို အသီးသီး ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြခဲ့သည်။

ထို့အပြင် ချင်းမိုင်မြို့တွင်လည်း အောက်တိုဘာ ၂၂ ရက်မှ နိုဝင်ဘာ ၄ ရက်အတွင်း စားသောက်ဆိုင်၊ ရိုးရာအနှိပ်ခန်း၊ လက်သည်းအလှပြုပြင်ရေးဆိုင်နှင့် ဝက်သားကင်ဆိုင်တို့၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများကို လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များက ဆက်တိုက်ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။

imageimage
+7