ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း နှလုံးရောဂါကုသမှုခံယူခဲ့ရကြောင်း စကော့မက်တိုမီနေး ဖွင့်ဟလာ

နိုဝင်ဘာ ၁၁

စကော့မက်တိုမီနေးက စကော့တလန်ရဲ့ ဟေတီနှင့် ကမ္ဘာ့ဖလားအဖွင့်ပွဲမတိုင်မီ ၄၈ နာရီခန့်အလိုတွင် နှလုံးရောဂါပြဿနာကြုံခဲ့ရပြီး ကမ္ဘာ့ဖလားအတွင်း နှလုံးကုသမှုခံယူခဲ့ရကြောင်း ဖွင့်ဟလာပါတယ်။

စကော့တလန်နှင့် နာပိုလီကွင်းလယ်ကစားသမားဟာ နှလုံးခုန်နှုန်းမမှန်မှုကြောင့် မကြာသေးမီတုန်းက အသေးစားနှလုံးခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရသူ ဖြစ်ပြီး ပြီးခဲ့တဲ့ နိုင်ငံတကာပွဲစဉ်များအား လွဲချော်ခဲ့သူလည်း ဖြစ်ပါတယ်။

ယခုအခါမှာတော့ ၎င်းက ဘော်စတွန်တွင် ကစားတဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲမတိုင်မီ ၂ ရက်အလိုတွင်ပင် နှလုံးရောဂါကုသမှုခံယူခဲ့ရပြီး ဆရာဝန်များရဲ့ ခွင့်ပြုချက်ကြောင့် ကစားခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ဟလာပါတယ်။

မက်တိုမီနေးက "ဒီကမ္ဘာ့ဖလားက အရိုးသားဆုံးပြောရရင် ကျွန်တော့်အတွက် ခက်ခဲခဲ့တယ်။ အခု ပြီးသွားပြီ။ သွားကစားတယ်။ နှလုံးရောဂါပြဿနာကြုံရတယ်။ အားလုံးကောင်းမွန်နေရဲ့သားကနေ ဒီလိုမျိုး ဖြစ်သွားတာ။ ဘာဖြစ်တာလဲပေါ့။ ဒါပေမယ့် ဒါကို ဖြေရှင်းရမယ်။ ဘောလုံးမှာ ဖြစ်ပျက်တာ‌တွေ ရှိတယ်။ တခါတလေ ကိုယ်မျှော်မှန်းထားသလို ဖြစ်မလာဘူး။ အကောင်းဆုံးပဲ လုပ်ရမယ်လေ။ အပြစ်ဖို့တာ မဟုတ်ပါဘူး။ ဒါပေမယ့် ပြန်ကြည့်ရမယ့်အရာပါ။ ဒါက ဖြစ်စဉ်တစ်ခုရဲ့ အစိတ်အပိုင်းပါ။ ကမ္ဘာ့ဖလားမှာ ဖြစ်ပျက်ခဲ့တာတွေအပေါ် နှစ်ပတ် သုံးပတ်လောက် ထိုင်ပြီး စိတ်ပျက်နေခဲ့ရတယ်။ အခြေကျဖို့ အချိန်ယူခဲ့ရတယ်"လို့ ပြောကြားသွားပါတယ်။

ယူနိုက်တက်ကွင်းလယ်ကစားသမားဟောင်းဟာ ဟေတီနှင့်ပွဲတွင် ပွဲချိန်ပြည့်ကစားခဲ့သလို မော်ရိုကို၊ ဘရာဇီးတို့နှင့်ပွဲများတွင်လည်း ပါဝင်ကစားခဲ့ပါတယ်။

ဒါ့အပြင် စကော့မက်တိုမီနေးက ကမ္ဘာ့ဖလားအုပ်စုအဆင့်မှ ထွက်ခွာခဲ့ရမှုက ကစားသမားဘဝတစ်လျောက် စိတ်အပျက်ဆုံးအရာဖြစ်ကြောင်းလည်း ဖွင့်ဟသွားပါတယ်။

စကော့မက်တိုမီနေးရဲ့ စကော့တလန်ဟာ နေးရှင်းလိဂ်ပွဲစဉ်များအဖြစ် သောကြာနေ့တွင် မြောက်မက်စီဒိုးနီးယားအား ဧည့်ခံကစားပြီးလျှင် တနင်္လာနေ့မှာ ဆွစ်ဇာလန်အား အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ရပါမယ်။

image