၅ ပွဲဆက်တိုက် ရှုံးနိမ့်ပြီးနောက် အကွီလာနီကို ဆက်စ်ဆူလို ထုတ်ပယ်လာ
နိုဝင်ဘာ ၁၀
ဆက်စ်ဆူလိုဟာ စီးရီးအေတွင် ၅ ပွဲဆက်တိုက် ရှုံးနိမ့်ကာ ရလဒ်ဆိုးရွားနေမှုကြောင့် နည်းပြအယ်ဘာတိုအကွီလာနီနှင့် လမ်းခွဲလာပြီ ဖြစ်ပါတယ်။
ဆက်စ်ဆူလိုဟာ စနေနေ့တုန်းက ရိုးမားအား ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီး ရာသီအစ ရလဒ်ဆိုးရွားနေမှုနှင့်အတူ အကွီလာနီနှင့် လမ်းခွဲရန် ဆုံးဖြတ်လိုက်တာပါ။
အကွီလာနီဟာ ရလဒ်ဆိုးရွားမှုကြောင့် အနာဂတ်မရေမရာမှုများနှင့် ကြုံလာတာ ရက်သတ္တပတ်အတန်ကြာပြီ ဖြစ်ပြီး စီးရီးအေ ၅ ပွဲဆက် ရှုံးနိမ့်ပြီးချိန်မှာတော့ ထုတ်ပယ်ခြင်းခံလာရပြီ ဖြစ်ပါတယ်။
အကွီလာနီဟာ ဆက်စ်ဆူလိုအား ကာလတို ကိုင်တွယ်စဉ်အတွင်း ပြိုင်ပွဲရပ်ရပ်တွင် ၄ ပွဲတည်းသာ နိုင်ပွဲ ရရှိအောင် စွမ်းဆောင်ထားနိုင်ပြီး ၂ ပွဲသရေကျကာ ၇ ပွဲ ရှုံးနိမ့်ထားပါတယ်။
အသက် ၄၂ နှစ်ရှိ ရိုးမား၊ လီဗာပူးနှင့် ဖီအိုရင်တီးနားအလယ်တန်းကစားသမားဟောင်းဟာ နွေရာသီတုန်းက ဖေဘီယိုဂရော့စ်ဆိုရဲ့ နေရာတွင် ၂၀၂၈ ခုနှစ်အထိ စာချုပ်ဖြင့် ခန့်အပ်ခြင်းခံခဲ့ရတာပါ။
သူဟာ ယခင်တုန်းက ဖီအိုရင်တီးနားလူငယ်အသင်း၊ စီးရီးဘီကလပ်များဖြစ်ကြတဲ့ ပီဆာ၊ ကာတန်ဇာရိုတို့ကို ကိုင်တွယ်ခဲ့ဖူးပါတယ်။
အကွီလာနီဟာ စက်တင်ဘာလ ၁၃ ရက်နေ့တုန်းက ဂျူဗင်တပ်ကို ၃-၂ ဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ပြီးနောက် ချီးကျူးမှုများ ရရှိခဲ့ပေမယ့်လည်း ယင်းနောက်ပိုင်းမှာတော့ ၅ ပွဲဆက် အရှုံးနှင့် ရင်ဆိုင်လာရပါတယ်။
လက်ရှိအချိန်တွင် ဆက်စ်ဆူလိုနည်းပြရာထူးအတွက် ပါးမားနှင့် လက်ချီနည်းပြဟောင်းရောဘတ်တိုဒီအေဗာဆီက ရေပန်းစားနေပါတယ်။