1 ပတ် - ဘာသာပြန်ပါ။

အမှားထပ်လုပ်တဲ့ ဒွန်နာရမ်မာကို မာရက်စ်ကာ ကာကွယ်

နိုဝင်ဘာ ၉

မန်စီးတီးအသင်းနည်းပြ မာရက်စ်ကာက လိုက်ပ်ဇစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ အမှားထပ်လုပ်ခဲ့တဲ့ အီတလီ ဂိုးသမား ဒွန်နာရမ်မာကို ကာကွယ်မှု ပြုလုပ်ခဲ့ပါတယ်။

မာရက်စ်ကာက “စိုးရိမ်စရာ မဟုတ်ပေမယ့် အမှားတော့ ဖြစ်ခဲ့ပါတယ်။ ဒါဟာ အမှားဖြစ်တယ်ဆိုတာ ကျနော်တို့ နားလည်ပေမယ့် လက်ရှိအချိန်မှာ ဂိုးသမား အခြေအနေနဲ့ ပတ်သက်ပြီး ကျနော် ဘာမှ မတွေးထားပါဘူး။ ဂိုးမပေး ရခင် မိနစ်အနည်းငယ်အလိုမှာ သူဟာ ကမ္ဘာပေါ်က ဘယ်ဂိုးသမားမှ မကာကွယ်နိုင်တဲ့ ကာကွယ်မှုမျိုးကို ပြုလုပ် ခဲ့ပါတယ်။ ပထမဂိုးနဲ့ပတ်သက်ပြီး သူကောင်းမွန်စွာ မလုပ်နိုင်ဘူးဆိုတာ သူကိုယ်တိုင်လည်းသိပြီး သူဟာ လာမယ့် ပွဲတွေမှာ ပိုကောင်းအောင် လုပ်ပြပါလိမ့်မယ်”လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။

ဒွန်နာရမ်မာဟာ ပုံစံကောင်းတွေ ပျောက်ဆုံးပြီး မန်စီးတီးအသင်းရဲ့ ပြီးခဲ့တဲ့ ပွဲတွေမှာ အမှားတွေပြုလုပ်ခဲ့တာ ဖြစ်ပေမယ့် နည်းပြမာရက်စ်ကာက သူ့ကို အပြည့်အဝ ထောက်ခံပေးထားတာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းက လိုက်ပ်ဇစ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဂိုးသမား ဒွန်နာရမ်မာဟာ သူ့ရဲ့မပြုလုပ်သင့်တဲ့ အမှားကြောင့် ချေပဂိုးပေးခဲ့ရတာပါ။

ဒွန်နာရမ်မာဟာ အမှားတွေထပ်ပြီး ပြုလုပ်နေတာကြောင့် ဝေဖန်သူတွေ အများအပြားရဲ့ စောင့်ကြည့်ခြင်းကို ခံနေရပြီး ဖိအားတွေ တိုးလာခဲ့ပါတယ်။

အီတလီဂိုးသမားဟာ အမှားတွေ ပြုလုပ်နေပေမယ့် နည်းပြ မာရက်စ်ကာဟာ သူ့ကို လာမယ့် ပရီးမီးယားလိဂ်ပွဲမှာ ပွဲထွက် လူစာရင်းကနေ ဖယ်ရှားဖွယ် မရှိပါဘူး။

မန်စီးတီးအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၆ ပွဲဆက်တိုက် ပေးဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခြင်း မရှိသလို ပရီးမီးယားလိဂ်မှာ ၂ ပွဲ ဆက်တိုက် ရှုံးပွဲကြုံတွေ့ထားပါတယ်။

မန်စီးတီးအသင်းနည်းပြ မာရက်စ်ကာက ပေးဂိုးတွေ ခွင့်ပြုနေရတာက အသင်းရဲ့ စနစ်ကြောင့် မဟုတ်ဘဲ တစ်ဦး ချင်းစီရဲ့ အမှားတွေကြောင့် ဖြစ်တယ်လို့ ပြောခဲ့တာပါ။

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲအဖြစ် နော်တင်ဟမ်ဖောရက်စ်အသင်း အိမ်ကွင်း သွားရောက် ကစားရမှာ ဖြစ်ပြီး ၂ ပွဲဆက် ရှုံးနိမ့်မှုကို နိုင်ပွဲနဲ့ အဆုံးသတ်နိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

Source: GoaL

ပုံ - မန်စီးတီးဂိုးသမား ဒွန်နာရမ်မာကို တွေ့ရစဉ်

image