2 ရက် - ဘာသာပြန်ပါ။

ဆာအဲလက်စ်ဖာဂူဆန်ကဲ့သို့ ယူနိုက်တက်တွင် အခွင့်အရေး ရလာမည်မဟုတ်ဟု မိုက်ကယ်ကာရစ်ဝန်ခံလာ

နိုဝင်ဘာ ၈

မိုက်ကယ်ကာရစ်က ယူနိုက်တက်တွင် ဆာအဲလက်စ်ဖာဂူဆန်ကဲ့သို့ စိတ်ရှည်သည်းခံ အချိန်ပေးခြင်းခံလာရမည်မဟုတ်ကြောင်း ဝန်ခံ ပြောကြားလာပါတယ်။

ဆာအဲလက်စ်ဖာဂူဆန်ဟာ သောကြာနေ့တုန်းက ယူနိုက်တက်နည်းပြအဖြစ် ခန့်အပ်ခံရတဲ့ နှစ် ၄၀ ပြည့်ခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား ၁၃ ကြိမ်၊ ချန်ပီယံလိဂ် ၂ ကြိမ် ရယူပေးနိုင်ခဲ့ပါတယ်။

ဆာအဲလက်စ်ဖာဂူဆန်ဟာ ယူနိုက်တက်အား စတင်ကိုင်တွယ်တုန်းက ရလဒ်ကောင်းများ ရယူနိုင်ရေး ရုန်းကန်ခဲ့ရပြီးမှ ဂန္ထဝင်မြောက်နည်းပြဘဝကို ပိုင်ဆိုင်လာခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် အသက် ၄၅ နှစ်ရှိ မိုက်ကယ်ကာရစ်ကတော့ ယူနိုက်တက်ဘက်က နည်းပြများအား အချိန်ပေးစိတ်ရှည်ပေးလာမှာ မဟုတ်ကြောင်း ဆိုလာပါတယ်။

ကာရစ်ရဲ့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၁၇ မှာ ရပ်တည်နေပြီး တန်းဆင်းဇုန်ထိပ်ဆုံးမှ ပဲလေ့စ်နှင့် ရမှတ်တူညီနေပါတယ်။

တနင်္ဂနွေနေ့ ဗီလာပွဲမတိုင်မီ ကာရစ်က "ဘောလုံးက လုံးဝ ပြောင်းလဲသွားပါပြီ။ အမြဲတမ်းလည်း‌ ပြောင်းနေတယ်။ ဆင့်ကဲပြောင်းလဲနေတယ်။ ဆာမတ်ဘတ်စ်ဘီရဲ့ ခေတ်နောက်ပိုင်း ဆာအဲလက်စ်မတိုင်မီအထိ တိုးတက် ပြောင်းလဲနေတယ်။ အချိန်တိုင်း ဆင့်ကဲ့ပြောင်းလဲနေတာပါ။ ဒီလိုပါပဲ။ ပြောင်းလဲနေတယ်။ ရှေ့မှာ ရှိနေတာကို ရဲရဲရင်ဆိုင်ရပါမယ်။ ဒါကြောင့်လည်း နှိုင်းယှဉ်ပြတာပါ။ နားလည်ပါတယ်။ နှိုင်းယှဉ်ဖို့ ကွဲပြားနေတာလည်း ရှိတယ်။ ဒါပေမယ့် ပစ္စုပ္ပန်မှာ ရှင်သန်ရပါမယ်။ မဖြစ်နိုင်ပါဘူး(ဖာဂူဆန်တုန်းကကဲ့သို့)။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါပေမယ့် တည်ဆောက်ရမယ်။ လက်တွေ့ကျရမယ်။ လုပ်နိုင်သမျှ လုပ်ရမယ်။ ပြီးခဲ့တဲ့သမိုင်းတွေကို ကြည့်ရင် ကျွန်တော်တို့ ကြိုးစားခဲ့တယ်။ အောင်မြင်ချင်ခဲ့တယ်။ မျက်လုံးဗလာထဲမှာ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ တစ်ညတည်းနဲ့တော့ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ အောင်မြင်ဖို့ အချိန်လိုတယ်။ ဒါပေမယ့် ကျွန်တော်တို့ အချိန်မဖြုန်းချင်ကြဘူး။ ဒါပေမယ့် တည်ဆောက်ရမယ့် အချိန်ဆိုတာ ရှိတယ်"လို့ ပြောကြားသွားပါတယ်။

ဖာဂူဆန်ဟာ ယူနိုက်တက်အား ကိုင်တွယ်တဲ့ အစောပိုင်း ၃ နှစ်အတွင်းတွင် ရလဒ်ဆိုးရွားမှုကြောင့် ရာထူးမှ ထုတ်ပယ်ရေး တောင်းဆိုခြင်းခံခဲ့ရပေမယ့်လည်း ၄ နှစ်မြောက်နှစ်တွင် အက်ဖ်အေဖလား ဆွတ်ခူးပြီးနောက် အခြေအနေ ပြောင်းလဲသွားခဲ့ပါတော့တယ်။

မိုက်ကယ်ကာရစ်ရဲ့ ယူနိုက်တက်ဟာ ၉ ပွဲဆက် နိုင်ပွဲပျောက်နေခဲ့ပြီးနောက် ကြားရက်တုန်းက ရိုးမားကို အနိုင်ရရှိကာ နိုင်ပွဲပြန်ရှာတွေ့ခဲ့ပါတယ်။

image