2 ရက် - ဘာသာပြန်ပါ။

Ballon d'Or ဆွတ်ခူးရန် အိပ်မက်ရှိကြောင်း ဂါဘရီရယ် ဖွင့်ဟလာ

နိုဝင်ဘာ ၈

ယူနိုက်တက်ပါရမီရှင်ဂျေဂျေဂါဘရီရယ်က ၎င်းရဲ့အိပ်မက်မှာ Ballon d'Or ဆွတ်ခူးရေး ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားလာပါတယ်။

အသက် ၁၆ နှစ်ရှိ ယူနိုက်တက်အကယ်ဒမီကစားသမားဟာ ယူနိုက်တက်လူငယ်ကစားသမားအဖြစ် မှတ်ပုံတင်ထားပေမယ့်လည်း အသင်းပြောင်းခွင့် တောင်းဆိုပြီးနောက် မိသားစုနှင့်အတူ စပိန်သို့ ပြောင်းရွှေ့ကာ သီးသန့်လေ့ကျင့်ခန်းဆင်းမှု ပြုလုပ်နေပြီး ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရန် နီးစပ်နေပါတယ်။

သူဟာ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရေး နှုတ်အားဖြင့် သဘောတူညီမှု ရရှိထားပြီ ဖြစ်ပေမယ့် စာချုပ်မှာတော့ လက်မှတ်မထိုးရသေးပါဘူး။

သောကြာနေ့ လေ့ကျင့်ခန်းအစီအစဉ်တစ်ခုအပြီးမှာတော့ ဂါဘရီရယ်ကို စပိန်ထိပ်သီးသတင်းစာ Marca က ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရန် နီးစပ်နေပြီဆိုတဲ့ ခေါင်းစီးပါ သတင်းစာအား လက်ဆောင်ပေးကာ ချဉ်းကပ်ခဲ့ပါတယ်။

၎င်းက "ကျွန်တော့်အိပ်မက်က Ballon d'Or ဆွတ်ခူးဖို့ပါ"လို့ Marca သို့ ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဂါဘရီရယ်သာ အသင်းပြောင်းသွားလျှင် နစ်နာကြေး ရရှိလာမှာ ဖြစ်ပေမယ့်လည်း ပရီးမီးယားလိဂ်ပြင်ပကလပ်သို့ ပြောင်းလာမှုနှင့်အတူ နည်းပါးတဲ့ နစ်နာကြေးသာ ရရှိလာပါမယ်။

လက်ရှိအချိန်တွင် ကလပ်နှစ်ခုအကြား ဆွေးနွေးရခြင်း မရိသေးပေမယ့်လည်း ကစားသမားနှင့် ရီးရဲလ်မက်ဒရစ်အကြား နှုတ်အားဖြင့် သဘောတူညီမှု ရထားပြီးပါပြီ။

ယူနိုက်တက်ဘက်က ဂါဘရီရယ်ကို မှတ်ပုံတင်ထားပေမယ့်လည်း လူငယ်လေးမှာ အီးယူပတ်စ်ပို့စ်ကိုင်ဆောင်ထားမှုနှင့်အတူ နိုင်ငံခြားကလပ်တစ်ခုသို့ ပြောင်းရွှေ့မှုကို တားဆီးလာနိုင်မှာ မဟုတ်ပါဘူး။

ရီးရဲလ်မက်ဒရစ်နှင့် ယူနိုက်တက်နှစ်သင်းလုံးက ယခုရာသီ UEFA Youth League တွင် ကစားနေတာ ဖြစ်ပြီး ပြိုင်ပွဲစည်းမျဉ်းအရ တစ်ရာသီတည်းတွင် ကလပ်တစ်ခုတည်းအတွက်သာ ကစားခွင့်ရှိရာ ဂါဘရီရယ်အနေဖြင့် ရီးရဲလ်မက်ဒရစ်အတွက် ပြည်တွင်းလူငယ်ပွဲမှ လွဲပြီး ကစားလာနိုင်မှာ မဟုတ်ပါဘူး။

ဂါဘရီရယ်ဟာ စက်တင်ဘာလတုန်းက ယူနိုက်တက်အတွက် နောက်ဆုံးကစားတဲ့ ဆာဘာနှင့် ပွဲတွင် ဟက်ထရစ်သွင်းခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက အသက် ၁၄ နှစ်သာ ရှိသေးပေမယ့်လည်း ယူနိုက်တက်ယူ-၁၈ ရဲ့အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

image