သတ်မှတ်ပမာဏထက် အစားအသောက်ထပ်ဖြည့်ပစ္စည်းများ ကျော်လွန်ပါဝင်သည့် Quick အချိုရည်နှင့် Ace သီးစုံချဉ်ပေါင်းတို့ကို ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းရန် FDA ညွှန်ကြား

နိုဝင်ဘာ ၄

Quick အမှတ်တံဆိပ် သခွားမွှေးသီးအရသာနှင့် လိုင်ချီးသီးအရသာ အချိုရည်ဗူးများ၊ Ace အမှတ်တံဆိပ် သီးစုံချဉ်ပေါင်းတို့တွင် အစားအသောက်ထပ်ဖြည့်ပစ္စည်းများ သတ်မှတ်ပမာဏထက် ကျော်လွန်ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဈေးကွက်အတွင်းမှ ပြန်လည်ရုပ်သိမ်းရန် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ထုတ်ပြန်ညွှန်ကြားထားသည်။

FDA ၏ စစ်ဆေးတွေ့ရှိချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ Essential (Foodstuff) Co., Ltd က ထုတ်လုပ်သည့် Quick အမှတ်တံဆိပ် သခွားမွှေးသီးအရသာနှင့် လိုင်ချီးသီးအရသာ အချိုရည်ဗူးများတွင် အစားအသောက်ထပ်ဖြည့်ပစ္စည်း Sodium Cyclamate နှင့် Benzoic acid တို့ သတ်မှတ်ပမာဏထက် ကျော်လွန်ပါဝင်နေကြောင်း သိရသည်။

စစ်ဆေးချက်တွင် အချိုရည်၌ Sodium Cyclamate ပါဝင်မှုမှာ ၁,၄၈၈.၂၄ မီလီဂရမ်/ကီလိုဂရမ်နှင့် ၁,၄၈၇.၄၉ မီလီဂရမ်/ကီလိုဂရမ် အသီးသီးရှိပြီး သတ်မှတ်ပမာဏ ၃၅၀ မီလီဂရမ်/ကီလိုဂရမ်ထက် ကျော်လွန်နေကြောင်း ဖော်ပြထားသည်။ ထို့ပြင် Benzoic acid ပါဝင်မှုမှာ ၃၅၂.၅၁ မီလီဂရမ်/ကီလိုဂရမ်ရှိပြီး သတ်မှတ်ပမာဏ ၂၅၀ မီလီဂရမ်/ကီလိုဂရမ်ထက် ကျော်လွန်နေကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့မှ Ace အမှတ်တံဆိပ် သီးစုံချဉ်ပေါင်းတွင်လည်း Benzoic acid ပါဝင်မှု ၁,၄၅၈.၂၀ မီလီဂရမ်/ကီလိုဂရမ်နှင့် Sodium Cyclamate ပါဝင်မှု ၄,၆၀၇.၅၄ မီလီဂရမ်/ကီလိုဂရမ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ယင်းပမာဏများသည် သတ်မှတ်ထားသည့် Benzoic acid ၁,၀၀၀ မီလီဂရမ်/ကီလိုဂရမ်နှင့် Sodium Cyclamate ၁,၀၀၀ မီလီဂရမ်/ကီလိုဂရမ်တို့ထက် ကျော်လွန်နေသဖြင့် အဆိုပါထုတ်ကုန်များကို ဈေးကွက်အတွင်းမှ ပြန်လည်ရုပ်သိမ်းရန် FDA က ညွှန်ကြားထားခြင်းဖြစ်သည်။

imageimage
+4