ချင်းမိုင်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်နေသည့် မြန်မာလုပ်သား ၂ ဦးကို ထိုင်းအာဏာပိုင်များ အရေးယူ


နိုဝင်ဘာ ၅

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၂ ဦးကို အလုပ်လုပ်ကိုင်ခွင့်ဆိုင်ရာ စည်းမျဉ်းများ ချိုးဖောက်မှုဖြင့် ထိုင်းအာဏာပိုင်များက နိုဝင်ဘာ ၄ ရက်တွင် အရေးယူခဲ့ကြောင်း ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါနေ့တွင် ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှ စုံစမ်းစစ်ဆေးရေးအရာရှိများနှင့် အလုပ်အကိုင်ရှာဖွေရေးရုံး တာဝန်ရှိသူများသည် စုထေ့မြို့နယ်အတွင်းရှိ လုပ်ငန်းခွင်များကို ဝင်ရောက်စစ်ဆေးခဲ့ရာ စားသောက်ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၂ ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

စစ်ဆေးတွေ့ရှိချက်အရ မြန်မာလုပ်သားတစ်ဦးမှာ ခွင့်ပြုထားသည့် အလုပ်အကိုင်အမျိုးအစားထက် ကျော်လွန်လုပ်ကိုင်နေခြင်းဖြစ်ပြီး ကျန်တစ်ဦးမှာ အလုပ်လုပ်ကိုင်ခွင့်ကတ်ရှိသော်လည်း အလုပ်စတင်လုပ်ကိုင်သည့်နေ့မှ ၁၅ ရက်အတွင်း သက်ဆိုင်ရာ မှတ်ပုံတင်အရာရှိထံ အကြောင်းကြားရန် ပျက်ကွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါမြန်မာလုပ်သား ၂ ဦးသည် ယင်းစားသောက်ဆိုင်တွင် တစ်လမှ ခုနစ်လဝန်းကျင်အထိ လုပ်ကိုင်ခဲ့ကြောင်း ဝန်ခံထားပြီး ၎င်းတို့အား ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ချင်းမိုင်မြို့တွင် မြန်မာအလုပ်သမားများကို အလုပ်လုပ်ကိုင်ခွင့်ဆိုင်ရာ စည်းမျဉ်းချိုးဖောက်မှုများဖြင့် အရေးယူမှုများ ဆက်တိုက်ရှိနေပြီး နိုဝင်ဘာ ၂ ရက်ကလည်း ညဈေးရှိ အထည်ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီးတစ်ဦးကို အရေးယူခဲ့သည်။

ထို့ပြင် အောက်တိုဘာ ၂၂ ရက်တွင် ချန်ခလန်ရပ်ကွက်ရှိ ထိုင်းရိုးရာအနှိပ်ခန်းမှ မြန်မာအလုပ်သမား ၃ ဦး၊ အောက်တိုဘာ ၂၇ ရက်တွင် လက်သည်းညှပ်နှင့် ပြုပြင်ရေးလုပ်ငန်း လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီး ၃ ဦး၊ အောက်တိုဘာ ၂၉ ရက်တွင် ဝက်သားကင်ဆိုင်တစ်ဆိုင်၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၂ ဦးတို့ကိုလည်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနက အရေးယူခဲ့ကြောင်း သိရသည်။

image
image
image