1 ပတ် - ဘာသာပြန်ပါ။

လာအိုနိုင်ငံရှိ မြန်မာစစ်သံရုံးဝန်ထမ်းများနှင့် ပညာတော်သင်များအား ဗိုလ်ချုပ်ကြီးရဲဝင်းဦး တွေ့ဆုံမှာကြား၊ ဗီယင်ကျန်းရှိ အထင်ကရဘုရားကျောင်းများ သွားရောက်ဖူးမြော်

နိုဝင်ဘာ ၅

လာအိုနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် နိုဝင်ဘာ ၄ ရက် မွန်းလွဲပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ရုံးသို့ သွားရောက်ပြီး စစ်သံရုံးဝန်ထမ်းများနှင့် ပညာတော်သင်သင်တန်းသားများအား တွေ့ဆုံအမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်အတူ ဇနီး ဒေါ်နီလာ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး စစ်သံမှူး၊ စစ်သံရုံးဝန်ထမ်းများနှင့် ပညာတော်သင်များက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြသည်။

အမှာစကားပြောကြားရာတွင် မြန်မာနှင့်လာအိုနိုင်ငံတို့သည် အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်သည့်အပြင် အာဆီယံအဖွဲ့သို့ တစ်ချိန်တည်း ဝင်ရောက်ခဲ့ကြသည့် နိုင်ငံများဖြစ်ကြောင်း၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများလည်း တူညီမှုများရှိပြီး နှစ်နိုင်ငံခေါင်းဆောင်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် စစ်သံရုံးသည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးနှင့် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးတိုးတက်ရေးတွင် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နေသဖြင့် တာဝန်ထမ်းဆောင်သူများအနေဖြင့် နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာရှိစွာ တာဝန်ကျေပွန်ရန်၊ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်မြှင့်တင်နိုင်ရေး ကြိုးပမ်းကြရန် မှာကြားခဲ့သည်။

ပညာတော်သင်သင်တန်းသားများအနေဖြင့်လည်း တပ်မတော်၏ အနာဂတ်လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့်အတွက် သင်ယူနေသည့် ဘာသာစကားနှင့် ပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်သည်အထိ ကြိုးစားသင်ယူရန်၊ ရရှိလာသည့် အသိပညာနှင့် အတတ်ပညာများကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကဏ္ဍများတွင် ပြန်လည်အသုံးချနိုင်ရန် တိုက်တွန်းခဲ့သည်။

အလားတူ လာအိုနိုင်ငံ၏ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် ဘာသာရေး၊ ယဉ်ကျေးမှုဓလေ့ထုံးစံများကို လေးစားလိုက်နာရန်၊ နိုင်ငံနှင့် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်သည့် စည်းကမ်းရှိသော နေထိုင်မှုပုံစံဖြင့် နေထိုင်ကြရန်လည်း မှာကြားခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်သံရုံးမိသားစုများနှင့် ပညာတော်သင်များအတွက် စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ယင်းနောက် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်အဖွဲ့သည် ဗီယင်ကျန်းမြို့ရှိ လာအိုနိုင်ငံ၏ အထင်ကရသာသနာရေးနှင့် သမိုင်းဝင်နေရာများဖြစ်သည့် That Luang ဘုရားကျောင်းနှင့် Wat Si Saket ဘုရားကျောင်းတို့သို့ သွားရောက်ဖူးမြော်လေ့လာခဲ့ကြသည်။

That Luang ဘုရားကျောင်းတွင် ရှေးဟောင်းဗုဒ္ဓဆင်းတုတော်များ၏ ဗိသုကာအနုပညာလက်ရာများနှင့် လာအိုဘုရင်ဟောင်းများ၏ ရုပ်တုများကို လေ့လာကြည့်ရှုခဲ့ပြီး ဘုရားကျောင်းပြုပြင်ထိန်းသိမ်းရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ Wat Si Saket ဘုရားကျောင်းသို့ သွားရောက်ဖူးမြော်ခဲ့ပြီး လာအိုဗုဒ္ဓဘာသာအသင်းဗဟိုဥက္ကဋ္ဌနှင့် လာအိုနိုင်ငံ သံဃရာဇာဘုန်းတော်ကြီး Maha Ahjan Yai Mahaved Masenai အား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့အပြင် ကျောင်းဝန်းအတွင်းရှိ ရှေးဟောင်းပိဋကတ်တိုက်တွင် ပေစာနှင့် ကျမ်းစာများ ထိန်းသိမ်းထားရှိမှု၊ လာအိုနိုင်ငံ၏ ဗုဒ္ဓဘာသာဆိုင်ရာ အနုပညာလက်ရာများနှင့် သမိုင်းဝင်အမွေအနှစ်များကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

image
image
image