ဖိလစ်ပိုင်ဒုသမ္မတ၏အမှု မကြာမီ ပြီးဆုံးမည်ဟု ပြော

မနီလာ၊ နိုဝင်ဘာ ၄

ဖိလစ်ပိုင် ဒုတိယသမ္မတ ဆာရာ ဒူတာတေး ကာပီယို (Sara Duterte-Carpio) အပေါ် စွပ်စွဲထားသည့် အမှု အတော်များများကို တရားလိုဘက်က ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ပြီးနောက် ၎င်း၏ စွပ်စွဲပြစ်တင်မှုဆိုင်ရာ တရား စီရင်ရေးသည် မကြာမီ ပြီးဆုံးတော့မည်ဖြစ်ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

တရားလိုရှေ့နေများက အမှုအတော်များများကို ပြန်လည် ရုပ်သိမ်းခြင်းသည် ဆာရာဒူတာတေးအား အခိုင်အမာ အရေးယူနိုင်မည့် သက်သေအများဆုံး အမှုများကိုသာ အဓိကထားပြီး တရားစီရင်မှုအား မြန်ဆန်စေရန် ရည်ရွယ် ခြင်းဖြစ်ကြောင်း ဥပဒေကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ယခု ဆုံးဖြတ်ချက်သည် ၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် ကြီးမားသော နိုင်ငံရေး ရိုက်ခတ်မှုများ ရှိလာ နိုင်ပြီး ဆာရာဒူတာတေးအား အလျင်အမြန် စီရင်ချက် ချလိုက်ခြင်းဖြင့် လာမည့် သမ္မတရွေးကောက်ပွဲတွင် အလားအလာရှိသည့် သမ္မတလောင်းတစ်ဦးကို ဖယ်ရှားလိုက်သလို ဖြစ်သွားနိုင်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၃ ရက်နေ့တွင် အောက်လွှတ်တော်မှ တရားလိုစွပ်စွဲရေး အဖွဲ့သည် ဆာရာ ဒူတာတေးအပေါ် စွပ်စွဲထားသည့် စွဲချက် ၄ ခုအနက် ၃ ခုကို ရုပ်သိမ်းခဲ့သည်။

ရုပ်သိမ်းလိုက်သည့် စွဲချက် ၃ ခုမှာ လျှို့ဝှက် ရန်ပုံငွေ ပီဆို ၆၁၂ ဒသမ ၅ သန်း (အမေရိကန်ဒေါ်လာ ၉ ဒသမ ၇ သန်း) ကို အလွဲသုံးစား ပြုလုပ်ခဲ့မှု၊ ပညာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ချိန်က လက်အောက် ငယ်သားများ ကို လာဘ်ထိုးခဲ့မှု အပါအဝင် သမ္မတ၊ သမ္မတကတော်နှင့် အောက်လွှတ်တော်ဥက္ကဋ္ဌတို့အား လုပ်ကြံရန် ကြံစည်ခဲ့ ပြီး ထိုအကြောင်းကို တိုက်ရိုက် ထုတ်လွှင့်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ကြွားဝါပြောဆိုခဲ့ကာ ကြီးလေးသော ရာဇဝတ်မှုကျူးလွန်ခဲ့မှု စသည့် စွဲချက် ၃ ခုဖြစ်သည်။

နောက်ဆုံး ကျန်ရှိနေသော စွဲချက်တစ်ခုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပီဆို ၁ ဒသမ ၅ ဘီလျံအထိ တန်ဖိုးရှိ သော ပိုင်ဆိုင်မှုများကို ကြေညာရန် ပျက်ကွက်ခြင်း၊ အစိုးရအရာရှိ ကျင့်ဝတ်စည်းကမ်းကို ဖောက်ဖျက်ပြီး ၎င်း၏ ကုမ္ပဏီ ရှယ်ယာများကို စွန့်လွှတ်ရန် ပျက်ကွက်ခြင်း အစရှိသည့် စွဲချက် ဖြစ်သည်။

ယခုကဲ့သို့ တရားလိုဘက်မှ မဟာဗျူဟာအရ နောက်ဆုံးစွဲချက် တစ်ခုတည်းဖြင့်ပင် ဆာရာ ဒူတာတေးအား ပြစ်ဒဏ် ချမှတ်နိုင်ရန် လုံလောက်သော ခိုင်မာသည့် သက်သေ အထောက်အထားများ ရရှိနိုင်မည်ဟု ယူဆရ ကြောင်း တရားလွှတ်တော်ချုပ် တရားသူကြီးချုပ် ရီနာတို ကိုရိုနာ (Renato Corona) ၏ ခုခံချေပရေး အဖွဲ့ဝင် ဟောင်းဖြစ်သူ တရန်ကွီးလ် ဆယ်လ်ဗေးဒိုး (Tranquil Salvador) က ပြောကြားခဲ့သည်။

စွဲချက် ၄ ခုအနက် ပိုင်ဆိုင်မှုနှင့် ပတ်သက်သည့် စွပ်စွဲချက်သည် စာရွက်စာတမ်း သက်သေ အထောက်အထားများ အပေါ် အခြေခံထားပြီး အများပြည်သူ အနေဖြင့်လည်း အဓိကပြဿနာကို လွယ်ကူစွာ နားလည်နိုင်သောကြောင့် သက်သေပြရန် အလွယ်ကူဆုံးဖြစ်ကြောင်း ဆယ်လ်ဗေးဒိုးက ပြောကြားခဲ့သည်။

ပုံ - ဖိလစ်ပိုင်ဒုသမ္မတ ဆာရာဒူတာတေးကို တွေ့ရစဉ်

Credit - CNI Burmese

image