ပုဇွန်တောင်မြို့နယ်မှာ ဂျိုးဖြူရေ မရတာ တပတ် ရှိနေလို့ မြို့နယ်အတွင်းနေထိုင်သူတွေ ခက်ခဲနေ
ရန်ကုန်၊ နိုဝင်ဘာ ၄
ရန်ကုန်မြို့တော် စည်ပင်သာယာကော်မတီက ဖြန့်ဖြူးတဲ့ ရေကိုအသုံးပြုနေရတဲ့ ပုဇွန်တောင် မြို့နယ်မှာ ဂျိုးဖြူရေ မရတာဟာ ရက်သတ္တပတ် ခုနှစ်ရက်ခန့်ရှိနေတာကြောင့် ရေအခက်ခဲကြုံနေရတယ်လို့ မြို့နယ်တွင်း နေထိုင်သူတွေက ဆိုပါတယ်။
ပုဇွန်တောင်မြို့နယ် ၂ ရပ်ကွက်မှာ နေထိုင်သူတဦးက ၅၆ လမ်းမှာ ရေမရတာ ခုနှစ်ရက်ခန့်ရှိနေပြီး ရေဒုက္ခ အရမ်းရောက်နေတယ်လို့ဆိုပါတယ်။ ဒါအပြင် ရေဖျက်မယ်ဆိုတာ စည်ပင်က ကြိုတင် အကြောင်းကြားတာ မရှိတဲ့အတွက် ရေလည်း ကြိုတင် မစုဆောင်းထားနိုင်လိုက်ဖူးလို့ ဆိုပါတယ်။
ညဘက် မီးလာတဲ့အချိန်အတိုင်း ရေတင်ပေမယ့် ရေတစက်မှ မရရှိတဲ့အပြင် နေခင်းဘက် မီးစက်တွေ ရေတင်ပေမယ့်လည်း ရေမရရှိတာ ခုနှစ်ရက်ခန့်ရှိပြီးဖြစ်ကြောင်း ပုဇွန်တောင်မြို့နယ် ၅၃ လမ်းတွင်နေ ထိုင်သူ အမျိုးသမီးတဦးကဆိုပါတယ်။
ဂျိုးဖြူရေ ရယူနေတဲ့ အခြားမြို့နယ်တွေကိုစုံစမ်းမေးမြန်းတဲ့အခါ အခြားမြို့နယ်တွေကတော့ရေပုံ မှန်ရရှိနေပြီး Down Town မြို့နယ်တွေဖြစ်တဲ့ ပုဇွန်တောင်မြို့နယ်တခုတည်းသာ ရေ မလာတာကြာမြင့် နေခြင်းဖြစ်ပါတယ်။
“ရန်ကုန်မြို့မှာက မီးနဲ့ ရေက အရေးကြီးတယ်။ တိုက်ခန်းတွေနဲ့ နေကြတော့ ရေတရက် ဖျက် ရင် တရက် ဒုက္ခရောက်တယ်။ အခုရေကို ဘောက်ဆာကားတွေနဲ့ ဝယ်သုံးနေရတာ အဆင်မပြေဘူး။ ဒါတောင် နွေမရောက်သေးဘူး။ အခုက လူစီးကားမဝယ်ဘဲ ရေကားဝယ်ရမလို ဖြစ်နေတယ်။ “လို့ ပုဇွန်တောင်မြို့နယ်မှာ နေထိုင်သူတဦးကပြောပါတယ်။
ပုဇွန်တောင်မြို့နယ် ရေပြတ်ရခြင်းမှာ ဂျိုးဖြူရေပြတ်လတ်ခြင်းကြောင့် မဟုတ်ဘဲ လျှပ်စစ်မီးအချိန် နဲ့ ပေးရာကနေ အဓိကဖြန့်ဖြူးပေးတဲ့ ရေပေးဝေရေးနေရာက လျှပ်စစ်မီး လာချိန်တွင် ရေပင့်အားနဲ့ ရေပေးဝေနေပေမယ့် မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် လျှပ်စစ်မီး မလာလို့ ရေမတင်လိုက်နိုင်တာလွဲ ချော်မှုတွေရှိနေတယ် လက်ရှိတော့ ပြည်သူတွေအဆင်ပြေဖို့ အချိန်နဲ့ ရေပေးဖို့ လုပ်ထားပါတယ်။ မီးလာတဲ့အချိန် ရေပေးဖို့ လုပ် ထားပါတယ်။ ရေမရှိလို့ မဟုတ်ပါဘူး။ မီးအခက်ခဲလို အခုလိုလုပ်ရတာပါ။ “လို့ မြို့နယ်ရေပေးဝေရေးဌာနက တာဝန်ရှိသူတဦးကပြောပြပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရးကော်မတီက ရေရယူဖြန့်ဖြူးပေးနေတဲ့ ပင်မရေအရင်းမြစ် ၄ ခုရှိပြီး ယင်းတို့မှာ ဂျိုးဖြူရေလှောင်ကန် ၊ ဖူးကြီးရေလှောင်ကန် ၊ ငမိုးရိပ် ရေလှောင်ကန် ၊ လှော်ကားရေလှောင်ကန်တွေ ဖြစ်ပါတယ်။
အဲဒီ ကန်ကြီးလေးခုကနေ ရန်ကုန်မြို့နယ် ၂၆ မြို့နယ်ကိုရေပေးဝေလျှက်ရှိပါတယ်။ ပုဇွန်တောင်မြို့နယ်ကတော့ ငမိုးရိပ်ရေလှောင်ကန်က ရေပေးဝေတဲ့ မြို့နယ်ထဲမှာပါဝင်ပါတယ်။
ငမိုးရိပ်ရေလှောင်ကန်က ဒဂုံမြို့သစ် မြောက်ပိုင်း ၊တောင်ပိုင်း ၊ အရှေ့ပိုင်း နဲ့ ဆိပ်ကမ်း မြို့နယ် ၊ မြောက်ဉက္ကလာပ၊ တောင်ဥက္ကလာပ ၊ သင်္ဃန်းကျွန်း ၊ သာကေတ ၊ ဒေါ်ပုံ ၊ ပုဇွန်တောင်နဲ ဗိုလ်တ ထောင်မြို့နယ်တို့ကို ရေပေးဝေနေခြင်းဖြစ်ပါတယ်။
ငမိုးရိပ်ရေလှောင်ကန်မှ ရေရယူနေတဲ့ ကျန်မြို့နယ်တွေကို VOM သတင်းဌာနက မေးမြန်းရာမှာတော့ ရေပုံမှန် ရရှိကြတယ်လို့ ဆိုပါတယ်။
Credit - VOM



