6 ရက် - ဘာသာပြန်ပါ။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းများ အရှိန်မြှင့်တင်ရန်နှင့် တရုတ်ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လာရန် Wang Yi နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး ဆွေးနွေး

နိုဝင်ဘာ ၄

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးရင်ကြားစေ့ရေး၊ တည်ငြိမ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi က မြန်မာနိုင်ငံ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု သိရသည်။

အဆိုပါ မြန်မာနိုင်ငံ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် (၁၁) ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်ပြီး နိုဝင်ဘာ ၃ ရက်တွင် ပေကျင်းမြို့၌ နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဉ် Mr. Wang Yi က တရုတ်-မြန်မာနှစ်နိုင်ငံသည် အခက်အခဲများကို အတူတကွ ရင်ဆိုင်ဖြေရှင်းခဲ့သည့် ဆွေမျိုးပေါက်ဖော်နိုင်ငံများဖြစ်ကြောင်း၊ ယခုနှစ် ဇွန်လတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးကို အရှိန်မြှင့်တင်ရန် သဘောတူညီခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးရင်ကြားစေ့ရေး၊ အစိုးရသစ်လက်ထက် တည်ငြိမ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူနေမှုဘဝမြှင့်တင်ရေးတို့ကို တရုတ်နိုင်ငံက ထောက်ခံအားပေးကြောင်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ အဓိကစီမံကိန်းများကို တည်ငြိမ်စွာ အကောင်အထည်ဖော်ရန်နှင့် စွမ်းအင်၊ သဘာဝအရင်းအမြစ်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

အလားတူ အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးကို အရှိန်မြှင့်တင်ရန်၊ မြဝတီမြို့နယ်အတွင်း ယခင်ကဲ့သို့ ရှုပ်ထွေးသည့်ဖြစ်ရပ်များ ပြန်လည်မဖြစ်ပွားစေရန် တားဆီးရေးနှင့် မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားများ၊ အဖွဲ့အစည်းများနှင့် စီမံကိန်းများ၏ လုံခြုံရေးအတွက် ထိရောက်သည့် အစီအမံများ ဆောင်ရွက်ပေးရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးကလည်း မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အခြေခံမူကြီး (၅) ရပ်ကို ဆက်လက်ကိုင်စွဲပြီး မြန်မာ-တရုတ် ရိုးရာချစ်ကြည်ရေးကို မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒကိုလည်း အစဉ်တစိုက် လိုက်နာသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် သမ္မတ ဦးမင်းအောင်လှိုင်၏ မကြာသေးမီက တရုတ်နိုင်ငံခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းစေခဲ့ကြောင်း၊ ငလျင်ဘေးအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် တရုတ်နိုင်ငံ၏ အကူအညီများအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ပူးပေါင်းကာ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်းများကို အရှိန်မြှင့်တင်အကောင်အထည်ဖော်သွားမည်ဖြစ်သကဲ့သို့ အွန်လိုင်းလိမ်လည်မှုများကိုလည်း တရုတ်နိုင်ငံနှင့် ဒေသတွင်းနိုင်ငံများနှင့်အတူ အရှိန်မြှင့်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ထို့ပြင် တရုတ်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ကြိုဆိုကြောင်းနှင့် ယခုအကြိမ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

imageimage