ထိုင်းနိုင်ငံတွင် မိသားစုတိုင်း ၇၂ နာရီစာ အရေးပေါ်ပစ္စည်းအိတ်များ ပြင်ဆင်ထားရန် DDPM တိုက်တွန်း

နိုဝင်ဘာ ၄

ထိုင်းနိုင်ငံတွင် သဘာဝဘေးအန္တရာယ်နှင့် အခြားအရေးပေါ်အခြေအနေများ ဖြစ်ပွားလာပါက မိသားစုများအနေဖြင့် အနည်းဆုံး ၇၂ နာရီကြာ ကိုယ်တိုင်ရပ်တည်နိုင်ရေးအတွက် အရေးပေါ်ပစ္စည်းအိတ်များ ကြိုတင်ပြင်ဆင်ထားကြရန် ထိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် လျှော့ချရေးဦးစီးဌာန (DDPM) က နိုဝင်ဘာ ၂ ရက်တွင် တိုက်တွန်းထုတ်ပြန်ခဲ့သည်။

DDPM ညွှန်ကြားရေးမှူးချုပ် Nirat Pongsitthaworn က ယင်းလှုပ်ရှားမှုသည် ပြည်သူများအကြား ထိတ်လန့်မှုဖြစ်စေရန်မဟုတ်ဘဲ အရေးပေါ်အခြေအနေများအတွက် ကြိုတင်ပြင်ဆင်မှုရှိစေရန်နှင့် ဘေးအန္တရာယ်ထိခိုက်မှုများ လျှော့ချနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် နိုင်ငံအချို့တွင် ပြည်သူများအား သုံးရက်စာ အစားအစာ၊ ဆေးဝါးနှင့် အခြားမရှိမဖြစ်လိုအပ်သည့် ပစ္စည်းများ ကြိုတင်သိုလှောင်ထားရန် အကြံပြုထားသော်လည်း ထိုင်းနိုင်ငံအနေဖြင့် ယင်းပဋိပက္ခအတွက် သီးသန့်ပြင်ဆင်ရန် ညွှန်ကြားထားခြင်းမဟုတ်ကြောင်း ၎င်းက ရှင်းလင်းခဲ့သည်။

သို့သော် ၇၂ နာရီကြာ အရေးပေါ်ပစ္စည်းများ ပြင်ဆင်ထားခြင်းသည် နိုင်ငံတကာတွင် လက်ခံကျင့်သုံးသည့် အခြေခံကြိုတင်ပြင်ဆင်မှုတစ်ရပ်ဖြစ်ပြီး ဘေးအန္တရာယ်ကျရောက်ပြီးနောက် အစိုးရအဖွဲ့အစည်းများက ကယ်ဆယ်ရေးနှင့် အကူအညီပေးရေးလုပ်ငန်းများ စုစည်းဆောင်ရွက်နေစဉ် ပထမသုံးရက်အတွင်း မိသားစုများအနေဖြင့် ကိုယ်တိုင်ရပ်တည်နိုင်ရန် အရေးကြီးကြောင်း ၎င်းက ပြောကြားသည်။

DDPM က အရေးပေါ်အိတ်များတွင် ရှေးဦးသူနာပြုစုရေးပစ္စည်းများ၊ အခြေခံဆေးဝါးများ၊ ပုံမှန်သောက်သုံးရသည့် ကိုယ်ပိုင်ဆေးဝါးများနှင့် ဆေးမှတ်တမ်းများ။ တစ်ဦးလျှင် တစ်ရက် ရေသုံးလီတာနှုန်းဖြင့် သုံးရက်စာရေ၊ အသင့်စားသုံးနိုင်သော အစားအစာများနှင့် စွမ်းအင်ဖြည့်မုန့်များ။ မိုဘိုင်းဖုန်း၊ ပါဝါဘဏ်၊ ဓာတ်မီး၊ အပိုဘက်ထရီ၊ ရေဒီယို၊ ခရာ၊ ဖယောင်းတိုင်၊ မီးခြစ်၊ ခေါက်ဓား၊ ကတ်ကြေး၊ ကြိုးနှင့် တိပ်။ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ ကျန်းမာရေးအာမခံကတ်၊ ယာဉ်မောင်းလိုင်စင်၊ ဘဏ်စာအုပ်နှင့် ပိုင်ဆိုင်မှုဆိုင်ရာစာချုပ်များကို မိတ္တူနှင့်တကွ ရေမဝင်သောအိတ်ဖြင့် သိမ်းဆည်းထားရန်၊ ငွေသားနှင့် အပိုသော့များလည်း ထည့်သွင်းထားရန်။ တစ်ရှူး၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ ရေချိုးသန့်စင်ရေးပစ္စည်းများနှင့် အမှိုက်အိတ်များ။ အပိုအဝတ်အထည်၊ မိုးကာအင်္ကျီ၊ ဦးထုပ်၊ စောင်နှင့် အိပ်အိတ်များ စသည့် ပစ္စည်းအမျိုးအစား ခြောက်မျိုးကို မရှိမဖြစ် ထည့်သွင်းပြင်ဆင်ထားရန် လမ်းညွှန်ထားခြင်းဖြစ်သည်။

အရေးပေါ်အိတ်တစ်လုံးစီကို မိသားစုတိုင်းတွင် အသင့်ထားရှိခြင်းဖြင့် သဘာဝဘေးအန္တရာယ်၊ ဆိုက်ဘာတိုက်ခိုက်မှု သို့မဟုတ် နိုင်ငံတကာပဋိပက္ခများကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရသည့်အခါ အချိန်မီယူဆောင်သွားနိုင်မည်ဖြစ်ကြောင်း Nirat က ပြောကြားသည်။

ထို့ပြင် အရေးပေါ်အိတ်များအတွက် ပေါ့ပါးပြီး ရေစိုခံနိုင်သည့် အိတ်များကို ရွေးချယ်ကာ အလွယ်တကူယူဆောင်နိုင်သည့် နေရာတွင် ထားရှိရန်နှင့် အတွင်းရှိပစ္စည်းများ အသုံးပြုနိုင်သည့် အခြေအနေရှိ၊ မရှိ၊ သက်တမ်းကုန်ဆုံးမှုရှိ၊ မရှိ ပုံမှန်စစ်ဆေးရန်လည်း ၎င်းက အကြံပြုထားသည်။

#centralnewsnaypyitaw

image