မလေးရှား တာရန်ဂါနူပြည်နယ် စစ်ဆင်ရေးအတွင်း မြန်မာ ၁၀ ဦးအပါအဝင် နိုင်ငံခြားသား ၁၈ ဦး ဖမ်းဆီးခံရ

နိုဝင်ဘာ ၄

မလေးရှားနိုင်ငံ တာရန်ဂါနူပြည်နယ်အတွင်း တရားမဝင်ရွှေ့ပြောင်းလုပ်သားများကို ရှာဖွေဖမ်းဆီးသည့် စစ်ဆင်ရေးတစ်ရပ် ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံသား ၁၀ ဦးအပါအဝင် နိုင်ငံခြားသား ၁၈ ဦး ဖမ်းဆီးခံခဲ့ရကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်သည်။

အဆိုပါစစ်ဆင်ရေးကို အောက်တိုဘာ ၂၈ ရက်တွင် တာရန်ဂါနူပြည်နယ်ရှိ မာရန်း၊ ဒုံဂွန်း၊ ခမာမန်နှင့် ကွာလာနေးရပ်စ်မြို့နယ်တို့၌ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ ဆောက်လုပ်ဆဲနေအိမ်များ၊ စားသောက်ဆိုင်များ၊ နေအိမ်များနှင့် မော်တော်ယာဉ်ပြုပြင်ရေးလုပ်ငန်းများအပါအဝင် နေရာ ၁၁ ခုကို ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးမှုအတွင်း အသက် ၁၅ နှစ်မှ ၅၀ နှစ်အရွယ် အမျိုးသား ၁၆ ဦး၊ အမျိုးသမီးတစ်ဦးနှင့် အရွယ်မရောက်သေးသည့် ယောက်ျားလေးတစ်ဦး စုစုပေါင်း ၁၈ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများအနက် မြန်မာနိုင်ငံသား ၁၀ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ခြောက်ဦးနှင့် ကမ္ဘောဒီးယားနိုင်ငံသား နှစ်ဦး ပါဝင်သည်။

၎င်းတို့အနက် ၁၁ ဦးကို တရားဝင်ခွင့်ပြုချက်ဆိုင်ရာ စာရွက်စာတမ်းမရှိခြင်းနှင့် လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်ခြင်းတို့ဖြင့်လည်းကောင်း၊ ငါးဦးကို ပြည်ဝင်ခွင့်သက်တမ်းကျော်လွန် နေထိုင်ခြင်းဖြင့်လည်းကောင်း အရေးယူခဲ့ပြီး ကျန်သူများကို ပတ်စ်ပို့ဆိုင်ရာ သတ်မှတ်ချက်များ ချိုးဖောက်မှုဖြင့် အရေးယူခဲ့ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

#centralnewsnaypyitaw

imageimage
+4