ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၌ အသုံးပြုခဲ့သည့် အဆောက်အအုံ ၈ လုံး ဖြိုချဖျက်ဆီးပြီး၊ ၅၅ လုံး ဆက်လက်ဖျက်သိမ်းမည်
နိုဝင်ဘာ ၃
ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ၌ အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံ ၈ လုံးကို ဖြိုချဖျက်ဆီးပြီးဖြစ်ကာ ကျန်ရှိသည့် အဆောက်အအုံ ၅၅ လုံးကိုလည်း ဆက်လက်ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါနယ်မြေအတွင်း ဖြိုချဖျက်ဆီးရန် သတ်မှတ်ထားသည့် အဆောက်အအုံ ၆၃ လုံးအနက် ဖောက်ခွဲဖျက်ဆီးသည့် အဆောက်အအုံ ၄ လုံးနှင့် ယာဉ်ယန္တရားများအသုံးပြု၍ ဖြိုချသည့် အဆောက်အအုံ ၄ လုံးတို့ကို ဖျက်သိမ်းပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးလျက်ရှိသည့် ခြောက်ထပ်အဆောက်အအုံတစ်လုံးမှာ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး အခြားခြောက်ထပ်အဆောက်အအုံတစ်လုံးမှာလည်း ၄၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ ထပ်မံလုပ်ကိုင်နိုင်ခြင်းမရှိစေရန် ရည်ရွယ်၍ ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ အဆိုပါလုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် တရားမဝင်အဆောက်အအုံများကို အပြီးတိုင်ဖြိုချဖျက်ဆီးလျက်ရှိခြင်းဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ ပပျောက်ရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ယင်းလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ ဆက်လက်နှိမ်နင်းလျက်ရှိကြောင်း သိရသည်။
#centralnewsnaypyitaw


+7




