တာချီလိတ်ရှိ ဟိုတယ်တစ်ခုတွင် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ကိုင်သည့် ထိုင်းနိုင်ငံသား ၈၃ ဦး ဖမ်းဆီးရမိ

နိုဝင်ဘာ ၂

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ယုဝရတ်ဟိုတယ်တွင် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား အမျိုးသား ၄၂ ဦးနှင့် အမျိုးသမီး ၄၁ ဦး၊ စုစုပေါင်း ၈၃ ဦးကို Laptop ၄၀ လုံးနှင့် မိုဘိုင်းဖုန်း ၇၅ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးမှုကို အောက်တိုဘာ ၃၁ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း (က) ရပ်ကွက်ရှိ ယုဝရတ်ဟိုတယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က သတင်းအရ စုံစမ်းဖော်ထုတ်ဆောင်ရွက်စဉ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူများသည် အဆိုပါဟိုတယ်၌ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်နေကြောင်း သိရပြီး လုပ်ငန်းများတွင် အသုံးပြုသည့် Laptop မျိုးစုံ ၄၀ လုံးနှင့် ဖုန်းမျိုးစုံ ၇၅ လုံးကိုလည်း သိမ်းဆည်းရမိခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများကို ရှာဖွေဖော်ထုတ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများနှင့်လည်း ပူးပေါင်းညှိနှိုင်းကာ အဆိုပါလုပ်ငန်းများတွင် ပါဝင်ပတ်သက်သူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး စစ်ဆေးမှုများ ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်သကဲ့သို့ သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

image
image
image