အမေရိကန်က တရုတ်နိုင်ငံသား ၂ ဦးကို သူလျှိုမှုဖြင့် ထောင်ချ
ဝါရှင်တန်၊ နိုဝင်ဘာ ၂
အမေရိကန်စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်များအား တရုတ်အတွက် စပိုင်လုပ်ပေးရန် စည်းရုံးသိမ်းသွင်းမှုဖြင့် ပြစ်မှု ထင်ရှားဝန်ခံခဲ့သည့် တရုတ်နိုင်ငံသား ၂ ဦးကို အမေရိကန်က ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း အယ်လ်ဂျာ ဇီးယားသတင်းမှ ဖော်ပြခဲ့သည်။
အသက် ၄၀ အရွယ် လီရန် ရိုင်ယန် လိုင် (Liren Ryan Lai) နှင့် အသက် ၃၉ အရွယ် ယူအန်စီ ချန် (Yuance Chen) တို့အား တစ်ဦးလျှင် ထောင်ဒဏ် လပေါင်း ၃၀ စီနှင့် စောင့်ကြည့်ခံကာလ ၃ နှစ်စီ အသီးသီး ပြစ်ဒဏ်ချမှတ်ခဲ့ ကြောင်း အမေရိကန်တရားရေးဝန်ကြီးဌာနက အောက်တိုဘာ ၃၀ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အမေရိကန် အမျိုးသားလုံခြုံရေးဆိုင်ရာ အချက်အလက်များနှင့် အလဲအလှယ်ပြုလုပ်ရန် လျှို့ဝှက် ငွေပေးချေမှု များကို ၎င်းတို့ ၂ ဦးက စီစဉ် ဆောင်ရွက်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
၎င်းတို့နှစ်ဦးသည် အမေရိကန် အမျိုးသားလုံခြုံရေးကို ထိခိုက်စေရန်နှင့် အမေရိကန် ပြည်ထောင်စုအတွင်း တရုတ်ထောက်လှမ်းရေးဆိုင်ရာ စစ်ဆင်ရေးများနှင့် သူလျှိုစုဆောင်းမှုများကို ကူညီပေးရန် ပူးပေါင်းကြံစည်မှု အစီအစဉ်တစ်ခုကို ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း အမျိုးသားလုံခြုံရေးဆိုင်ရာတွဲဖက် အစိုးရရှေ့နေချုပ် ဂျွန် အေ အိုက်စင်ဘတ်ဂ် (John A Eisenberg) က ပြောကြားခဲ့သည်။
တရားရုံး မှတ်တမ်းများအရ လိုင်နှင့် ချန်တို့သည် နောက်ဆုံး ၂၀၂၁ ခုနှစ်၊ မေလထက် နောက်မကျဘဲ တရုတ်နိုင်ငံ ၏ ပြည်ပထောက်လှမ်းရေး အဖွဲ့အစည်းဖြစ်သော နိုင်ငံတော် လုံခြုံရေးဝန်ကြီးဌာနအတွက် အေးဂျင့်များအဖြစ် စတင် လှုပ်ရှားခဲ့ကြခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
ကမ္ဘာလှည့် ခရီးသွားဗီဇာဖြင့် အမေရိကန်သို့ ရောက်ရှိလာခဲ့သူ လိုင်သည် အမေရိကန်တွင် အမြဲတမ်း နေထိုင်ခွင့် ရရှိထားသူ ချန်အား စည်းရုံးသိမ်းသွင်းခဲ့ပြီး၊ ချန် အနေဖြင့် ၎င်း၏ ညွှန်ကြားရေးမှူးထံမှ တိုက်ရိုက် အမိန့်များ မရရှိသေးမီ အချိန်အထိ လိုင်က ကြားခံအဖြစ် ဆောင်ရွက်ပေးခဲ့သည်။
၂၀၂၂ ခုနှစ်၊ မေလတွင် ၎င်းတို့သည် တရုတ်နိုင်ငံမှ လျှို့ဝှက် ပေးပို့လိုက်သည့် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အား ထုတ်ယူရန် အမေရိကန်၌ နေထိုင်သူများကို ကြားခံအဖြစ် အသုံးပြုခဲ့ပြီး လျှို့ဝှက်ငွေပေးချေမှု ပြုလုပ်ခဲ့ကြသည် ဟု ဆိုသည်။
နောက်ပိုင်းတွင် တရားခံ ၂ ဦးသည် အလားတူ စစ်ဆင်ရေး တစ်ခုကို ထပ်မံ လုပ်ဆောင်ခဲ့ကြပြီး တရုတ်မှ ပေးပို့ခဲ့ သည့် ဒေါ်လာ ၂၀,၀၀၀ ကို လျှို့ဝှက် ငွေပေးချေမှုများဖြင့် ကူညီ ဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် ချန်နှင့် လိုင်တို့သည် အမေရိကန်ရေတပ် စခန်းတစ်ခု၊ စစ်သင်တန်းသားများနှင့် တာဝန်ထမ်းဆောင်ဆဲ ရေတပ်သားများ၏ ဓာတ်ပုံများကို ရယူခြင်း အပါအဝင် အခြားသော သူလျှိုလုပ်ငန်း လှုပ်ရှားမှုများကိုလည်း ပြုလုပ်ခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
ပုံ - အမေရိကန်တရားရေးဝန်ကြီးဌာနကို တွေ့ရစဉ်
Credit - CNI
#သတင်းဟင်းလေးအိုးကြီး