တရုတ်နှင့်အမေရိကန်၏ စစ်ရေးကစားပွဲက မြန်မာဖြစ်သွားမှာ စိုးရိမ်
နိုဝင်ဘာ ၂
ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံးနိုင်ငံကြီး နှစ်ခုဖြစ်သည့် တရုတ်နှင့် အမေရိကန်တို့ အချင်းချင်းကြား စစ်ရေး ကစားပွဲက မြန်မာနိုင်ငံဖြစ်သွားမှာကို စိုးရိမ်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
ကွန်မြူနစ်ကို တိုက်ခိုက်ခဲ့ချိန်က အမေရိကန်နှင့်မြန်မာသည် အဆင်ပြေခဲ့ကြောင်း၊ ထိုအခါက တရုတ်စစ်တပ် သည် ကွန်မြူနစ်ဘက်မှ ဝင်ရောက် ကူညီတိုက်ခိုက်ခဲ့ပေးသည့်အပြင် ရိက္ခများလည်း ကူညီပေးခဲ့ကြောင်း ၎င်းက ပြောသည်။
စိုင်းဋ္ဌေးအောင်က “အဲဒီအချိန်မှာ ဒီဘက် အစိုးရကို အမေရိကန်ရဲ့ ထောက်ပံ့မှုတွေ ရကြတာပေါ့။ အဲဒီအချိန်တုန်း က စ-စ်ပွဲတွေ အများကြီး ဖော်ဆောင်ခဲ့ဖူးတယ်။ အဲဒါကိုလည်း တရုတ်က ကောင်းကောင်းကြီး သင်ခန်းစာ ယူ ထားပြီးမှ ယနေ့ အချိန်ကတော့ လက်နက်တွေ ဘာတွေကအစ ပေးလို့ရအောင် သူဖွင့်ပါလိမ့်မယ်။ အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေး ပြေလည်သွားပြီဆိုရင် သူ့အတွက်ကို အကျိုးရလဒ်တွေက တော်တော် နည်းသွားနိုင်တဲ့ အတွက်ကြောင့်မို့လို့ ဒါအခု အမေရိကန်ဆိုလည်း မြေရှား သူလိုချင်တယ်၊ နောက် မြန်မာပြည်မှာရှိနေတဲ့ ကျားဖြန့် ကိစ္စ သူနှိမ်နင်းချင်တယ်၊ သူဝင်လို့ မရဘူး။ အဲဒီလိုမျိုးတွေ အတွက်ကို မြန်မာပြည်အစိုးရနဲ့ သံရေးတမန်ရေး အဆင်ပြေအောင် သူကြိုးစားတဲ့အခါမှာ တရုတ်ကတော့ တရုတ်နဲ့ အမေရိကန်က ကမ္ဘာပေါ်မှာ အားပြိုင်နေတဲ့ အခါကြတော့ မြန်မာပြည် အနေနဲ့ကတော့ သတိထားဖို့တော့ လိုအပ်တာပေါ့နော် အဲဒီကိစ္စကို။ ကျနော် အစိုးရိမ် ဆုံးကတော့ တရုတ်နဲ့ အမေရိကန်ရဲ့ စစ်ရေး ကစားပွဲကြီးက မြန်မာပြည် ဖြစ်သွားမှာကို အရမ်း စိုးရိမ်တယ်။ အဲဒါ ကြောင့် အခုလက်ရှိ အုပ်ချုပ်နေသူတွေ အနေနဲ့ ဒါလိမ္မာပါးနပ်စွာနဲ့ ကစားတတ်ဖို့တော့ အရမ်းလိုတယ်လို့ ကျနော့် အနေနဲ့ ပြောချင်ပါတယ်” ဟု ပြောသည်။
တရုတ်နှင့် အမေရိကန်တို့၏ စစ်ရေး၊ စီးပွားရေးနှင့် ပထဝီနိုင်ငံရေး စသည့် ဘက်ပေါင်းစုံမှ ပြိုင်ဆိုင်မှုသည် မြန်မာ နိုင်ငံအပေါ် အမှန်တကယ် သက်ရောက်မှု ရှိနေကြောင်း၊ တိုက်ရိုက် မဟုတ်ဘဲ ကြားခံနယ်ပယ်အဖြစ် စီးပွားရေး ပိတ်ဆို့မှု၊ နိုင်ငံတကာ သံတမန်ရေး ဖိအားပေးမှုများနှင့် နယ်စပ်ဒေသ ဩဇာလွှမ်းမိုးမှု ပြိုင်ပွဲများ ဆက်လက် ဖြစ်ပွားနိုင်သည်ဟု နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။
တရုတ်က မြန်မာ့မြေပေါ်ရှိ ၎င်း၏ ရင်းနှီးမြှုပ်နှံမှုနှင့် လုံခြုံရေးကို အကာအကွယ်ပေးရန် စစ်ရေးအရ အကူအညီ များ တိုးမြှင့်လာနိုင်သကဲ့သို့ အမေရိကန်ကလည်း ၎င်းနှင့် ဆန့်ကျင်ဘက် အင်အားစုများကို သံတမန်ရေး၊ နည်း ပညာအရ ဆက်လက် ထိန်းကျောင်းနိုင်သည်ဟု ထောက်ပြကြသည်။
မြန်မာနိုင်ငံသည် သီးခြားနေ၍ မရသည့် နိုင်ငံဖြစ်ပြီး နယ်စပ် တည်ငြိမ်အေးချမ်းရေးအတွက် နယ်နိမိတ်ချင်း ထိစပ်နေသည့် နိုင်ငံများအား မဆက်ဆံဘဲ နေ၍မရကြောင်း၊ ဒုက္ခရောက်နေသည့် ပြည်သူများအတွက် မည်ကဲ့သို့ ကောင်းမွန်အောင် ဆောင်ရွက်ပေးမည်ကို ဦးတည်စဉ်းစား စေချင်ကြောင်း ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (SSJAC)မှ ဆက်ဆံရေးတာဝန်ခံ စိုင်းဆမ်ဖွဏ်ဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တစ်ခုတော့ ထောက်ပြချင်တာ တစ်ခုတော့ရှိပါတယ်။ မြန်မာနိုင်ငံက သီးခြားနေလို့မရတဲ့ နိုင်ငံပါ။ တရုတ်နဲ့လည်း ချိတ်ဆက်ရမယ့် နယ်ချင်းထိစပ်တဲ့ နိုင်ငံရှိတယ်။ အိန္ဒိယနဲ့လည်း နယ်နိမိတ်ချင်း ထိစပ်တဲ့နေရာ ရှိတယ်။ ထိုင်းနဲ့လည်း ထိစပ်နေတာရှိတယ်။ မြန်မာပြည်နယ်မြေပေါ့ နယ်စပ်တည်ငြိမ် အေးချမ်းဖို့အတွက် ဆိုရင် တော့ ကျနော်တို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံတွေကို မဆက်ဆံလို့ မရဘူး။ အဲဒီလိုမျိုး အနေအထားမှာဆို ရင် ဘယ်လိုမျိုး ကောင်းမွန်တဲ့ ဆက်ဆံရေး ဖြစ်အောင် Mutual benefits ပေါ့နော်။ နှစ်ဖက်နှစ်နိုင်ငံလုံး အကျိုးရှိ မယ့် ကိစ္စတွေ၊ လူထု အကျိုးရှိမယ့်ကိစ္စတွေ ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်မလဲ၊ ဘယ်လိုမျိုး နည်းဗျူဟာ၊ မဟာ ဗျူဟာနဲ့ အားလုံးပေါ့နော်။ အခု ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို အဲဒါမျိုး ပုံမှန်အားစိုက်ပြီးတော့မှ ကောင်း အောင် လုပ်မလဲ ဆိုတဲ့ဟာကို ကျနော်က ဦးတည်ခိုင်းစေချင်တယ်။ စဉ်းစားခိုင်းစေချင်တယ်” ဟု ပြောသည်။
အမေရိကန်သည် မြန်မာနိုင်ငံအတွင်း တိုက်ရိုက် စစ်အင်အားသုံး စွက်ဖက်မှု ပြုလုပ်ရန် အလားအလာ လုံးဝနီးပါး နည်းပါးပြီး နိုင်ငံရေးနှင့် စီးပွားရေး ပိတ်ဆို့မှုများကိုသာ အဓိက ကျင့်သုံးတတ်ကာ တရုတ်သည် မြန်မာနိုင်ငံ အတွင်း တိုက်ရိုက် စစ်ရေးစွက်ဖက်မှုထက် နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အပေါ် ၎င်း၏ ဩဇာကိုသုံး၍ ထိန်းကျောင်းလေ့ရှိသည်။
မြန်မာနိုင်ငံသည် မိမိ၏ ပထဝီဝင် အနေအထားကြောင့်သာ ၎င်းတို့ နှစ်နိုင်ငံ၏ ပထဝီနိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေး အားပြိုင်ပွဲ နယ်ပယ်တစ်ခုအဖြစ် ဆက်လက် တည်ရှိနေမည်ဟု နိုင်ငံရေးအကဲခတ်များက ထောက်ပြကြ သည်။
ပုံ - အမေရိကန်နဲ့တရုတ်ရဲ့ စစ်တုရင်ခုံပေါ်က မြန်မာနိုင်ငံကို သရုပ်ဖော်ထားစဉ်
Credit - CNI
#သတင်းဟင်းလေးအိုးကြီး