အမေရိကန်တွင် ဖလာဗီယို ဆန္ဒရှိသလောက် နေနိုင်ကြောင်း ထရမ့်ပြော

ဝါရှင်တန်၊ နိုဝင်ဘာ ၂

ဘရာဇီးလ်သမ္မတ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီးနောက် ဘရာဇီးလ်နိုင်ငံမှ အမေရိကန်သို့ ထွက်ပြေးတိမ်းရှောင် လာသည့် ဖလာဗီယို ဘော်လ်ဆိုနာရို (Flávio Bolsonaro) အနေဖြင့် အမေရိကန်တွင် ဆန္ဒရှိသလောက် နေထိုင်နိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားခဲ့သည်ဟု USA Today သတင်းမှ ဖော်ပြခဲ့သည်။

ဖလော်ရီဒါရှိ ၎င်း၏ Mar-a-Lago စံအိမ်တွင် ပြုလုပ်သော တစ္စေကြီးများပွဲတော် (Halloween) ပါတီတစ်ခုအတွင်း ထရမ့်က သတင်းထောက်များကို ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) ကမူ ဖလာဗီယို၏ ကိစ္စနှင့်ပတ်သက်ပြီး ဘရာဇီးလ်၏ ထိပ်တန်း သံတမန်နှင့် ဆွေးနွေး ပြောဆိုခဲ့သော်လည်း အနောက်ကမ္ဘာခြမ်း၏ အကြီးဆုံး ဒီမိုကရေစီနိုင်ငံများဖြစ်သည့် အမေရိကန်နှင့် ဘရာဇီးလ်ကြား ဆက်ဆံရေးမှာ ကာလတစ်ခုအထိ ဆက်လက် တင်းမာနေနိုင်သည်ကို ညွှန်ပြနေသည်။

“သူ ဒီမှာ နေချင်သလောက် ကြာကြာ နေနိုင်ပါတယ်၊ ကျနော့် အမြင်ပြောရရင် အဲဒီ ရွေးကောက်ပွဲဟာ ရှက်စရာ ကောင်းတဲ့ ကိစ္စတစ်ခုပါပဲ”ဟု ထရမ့်က ပြောကြားခဲ့သည်။

အောက်တိုဘာ ၂၅ ရက်က ပြုလုပ်ခဲ့သော ဘရာဇီးလ်သမ္မတ ရွေးကောက်ပွဲတွင် ဖလာဗီယိုသည် လက်ရှိသမ္မတ လူးဝစ် အင်နာစီယို လူလာ ဒါ ဆေးလ်ဗား (Luiz Inácio Lula da Silva) အား ရှုံးနိမ့်ခဲ့သည်။

ဝါရှင်တန်ဒီစီရှိ ဘရာဇီးလ်သံရုံးကမူ ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်း တုံ့ပြန်ခြင်း မရှိသေးပေ။

ပြင်ပ လေ့လာဆန်းစစ်သူများက ဘရာဇီးလ်သမ္မတ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအဖြစ် ဖော်ပြခဲ့ကြသည်။

ဖလာဗီယိုသည် ရွေးကောက်ပွဲ ရှုံးနိမ့်ပြီးနောက် ဘရာဇီးလ် ဖက်ဒရယ် တရားရုံးချုပ် တရားသူကြီးတစ်ဦးက ၎င်း၏ နိုင်ငံကူးလက်မှတ်ကို ရုပ်သိမ်းရန် အမိန့်ချမှတ်ခဲ့သည်။

ဖလာဗီယိုသည် ငွေကြေး ခဝါချမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု ၂ ခုနှင့် ရင်ဆိုင်နေရပြီး နိုင်ငံအတွင်းမှ ထွက်ပြေးနိုင်ခြေ ရှိသူအဖြစ် ရဲတပ်ဖွဲ့က သတ်မှတ်ခဲ့ကာ ၎င်း၏ နိုင်ငံကူး လက်မှတ်ကို ပြန်အပ်ရန် တရားသူကြီးက အမိန့်ထုတ်ပြန် ခဲ့သည့်တိုင် ဖလာဗီယိုသည် ဘရာဇီးလ်မှ ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့သည်။

Source: USA Today


ပုံ - ဖလာဗီယို ဘော်လ်ဆိုနာရိုကို တွေ့ရစဉ်

Credit - CNI

image