မက္ကဆီကိုလက်ဝှေ့အကျော်အမော် ကာနီလိုအယ်လ်ဗာရက်ဇ် WBC စူပါမစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ် ပြန်လည်ရယူ

မက္ကဆီကိုလက်ဝှေ့အကျော်အမော် ကာနီလိုအယ်လ်ဗာရက်ဇ်သည် ကနေဒါလက်ဝှေ့သမား ခရစ္စတီယန်အမ်ဘီလီကို အမှတ်ဖြင့် အနိုင်ယူကာ WBC စူပါမစ်ဒယ် ဝိတ်တန်းချန်ပီယံခါးပတ် တစ်ကျော့ပြန်ရယူနိုင်ခဲ့ကြောင်း သိရသည်။
အယ်လ်ဗာရက်ဇ်နှင့် အမ်ဘီလီတို့၏ WBC စူပါမစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ် စိန်ခေါ်ပွဲကို အောက်တိုဘာ ၃၁ ရက် ညပိုင်းတွင် ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို့ရှိ Kingdom Arena ၌ ကျင်းပခဲ့ပြီး အယ်လ်ဗာ ရက်ဇ်က ဒိုင်သုံးဦးစလုံး၏ အမှတ်ပေးမှုဖြင့် အနိုင်ရခဲ့သည်။
အယ်လ်ဗာရက်ဇ် (၃၆ နှစ်)သည် စူပါမစ်ဒယ်ဝိတ်တန်းတွင် WBA (စူပါ)၊ WBC၊ IBF၊ WBO စသည့် အငြင်းပွားဖွယ်မရှိ ချန်ပီယံခါးပတ်လေးခုစလုံး ရရှိခဲ့ဖူးသူဖြစ်ပြီး ပြီးခဲ့သည့်နှစ် စက်တင်ဘာတွင် အမေရိကန်လက်ဝှေ့သမား တဲရန့်စ်ခရောဖို့ဒ်ကို အမှတ်ဖြင့် ရှုံးနိမ့်ကာ ချန်ပီယံခါးပတ်များ လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။
အမ်ဘီလီ (၃၀ နှစ်)မှာမူ WBC စူပါမစ်ဒယ်ဝိတ်တန်း၏ ကြားဖြတ်ချန်ပီယံဖြစ်ပြီး ဒီဇင်ဘာတွင် ခရောဖို့ဒ်၏ ခါးပတ်ကို WBC က ရုပ်သိမ်းပြီးနောက် ဇန်နဝါရီတွင် အမ်ဘီလီအား ချန်ပီယံအဖြစ် ပြောင်းလဲသတ်မှတ်ပေးခဲ့သည်။
ယခုပွဲမှာ အမ်ဘီလီအတွက် ပထမဆုံး ချန်ပီယံခါးပတ်ကာကွယ်ပွဲဖြစ်ပြီး အစပိုင်းတွင် အယ်လ်ဗာရက်ဇ်ကို ဖိအားပေးထိုးသတ်နိုင်ခဲ့သည်။ သို့သော် အမ်ဘီလီ၏ ထိုးချက်အများစုမှာ ထိရောက်မှုမရှိဘဲ အယ်လ်ဗာရက်ဇ်၏ တန်ပြန်တိုက်စစ်လက်သီးချက်များက အားပါပြင်းထန်၍ ထိရောက်မှုပိုရှိခဲ့သည်။ ၁၂ ချီပြီးဆုံးပြီးနောက် အမှတ်ဖြင့်ဆုံးဖြတ်ရာ ဒိုင်သုံးဦးစလုံးက အယ်လ်ဗာရက်ဇ်ကို ၁၁၅- ၁၁၂၊ ၁၁၆-၁၁၁၊ ၁၁၇-၁၁၀ မှတ်ဖြင့် အနိုင်ပေးခဲ့ခြင်းဖြစ်သည်။
"ဒီခံစားချက်ကိုရှင်းပြဖို့ အရမ်းခက်ပါတယ်။ ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဘဝကို ကျွန်တော်ဖြတ်သန်းလာတာ ၃၁ နှစ်ရှိပါပြီ။ လွန်ခဲ့တဲ့ ၁၆ နှစ်က ကျွန်တော့်ရဲ့ ပထမဆုံး ချန်ပီယံခါးပတ်ကို ရယူနိုင်ခဲ့တယ်။ အခုတော့ ချန်ပီယံခါးပတ်ကို နောက်တစ်ကြိမ်ရယူနိုင်ခဲ့ပါပြီ။ ကိုယ့်ကိုယ်ကိုယ် အရမ်းပဲဂုဏ်ယူပါတယ်" ဟု အယ်လ်ဗာရက်ဇ်က ဆိုခဲ့သည်။

image