မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် နှစ်ထပ်ဆေးသို လှောင်ရုံအဆောက်အအုံတည်ဆောက်နေ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ မော်လမြိုင်ပြည်သူ့ဆေးရုံကြီး၌ ဆေးနှင့် ဆေးပစ္စည်းများကို စနစ်တကျ သိုလှောင်ထိန်းသိမ်းနိုင်ရေးအတွက် နှစ်ထပ်ဆေးသို လှောင်ရုံအဆောက်အအုံကိုတည်ဆောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ နှစ်ထပ်ဆေးသိုလှောင်ရုံကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိခြင်းဖြစ်ကာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဝင်းသန်း က ယနေ့ အောက်တိုဘာ ၃၀ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်က ဆေးနှင့် ဆေးပစ္စည်းများကို အရည်အသွေးမပျက် အချိန်မီ၊ စနစ်တကျသိုလှောင်ထိန်းသိမ်းနိုင်ရေးအတွက် ဆေးသိုလှောင်ရုံကိုအမြန်ဆုံးပြီးစီးအောင်တည်ဆောက်ရန်မှာကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်သည် မော်လမြိုင်မြို့၏ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးတွင်တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများအတွက် အဆောက်အအုံဦးစီးဌာန၊ အဆောက်အအုံအထူးအဖွဲ့ (၁၃)ကတည်ဆောက်နေသည့် အမှုထမ်းအိမ်ရာ လေးခန်းတွဲ လေးထပ်အဆောက်အအုံတည်ဆောက်နေမှုကိုလည်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့အတူ မော်လမြိုင်မြို့ ဇေယျာသီရိရဲစခန်း၌ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် တပ်ဖွဲ့ဝင်လူပျိုဆောင်သစ်နှင့် စခန်းဝင်းခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကိုလည်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

image