(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုပြိုင်ပွဲတွင် ဆုစုစုပေါင်း ၅၃၁ ဆု ချီးမြှင့်
ရွှေတံဆိပ် ၁၉၅ ခု၊ ငွေတံဆိပ် ၁၆၇ ခုနှင့် ကြေးတံဆိပ် ၁၆၅ ခု ပါဝင်ပြီး ဂုဏ်ပြုညစာစားပွဲသို့ နိုင်ငံတော်သမ္မတ တက်ရောက်
နေပြည်တော်၊ အောက်တိုဘာ ၂၉
(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၉၅ ခု၊ ငွေတံဆိပ် ၁၆၇ ခု၊ ကြေးတံဆိပ် ၁၆၅ ခု၊ နှစ်သိမ့်ဆု နှစ်ဆုနှင့် အထူးဆု နှစ်ဆု၊ စုစုပေါင်း ၅၃၁ ဆု ချီးမြှင့်နိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
အောက်တိုဘာ ၂၉ ရက် ညနေပိုင်းက ကျင်းပသည့် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတက နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံကို နိုင်ငံတကာအလယ်တွင် တင့်တယ်စွာရပ်တည်နိုင်သည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာများ၊ လူမှုရေးကျင့်ဝတ်နှင့် တန်ဖိုးများ၊ အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ထိန်းသိမ်းမြှင့်တင်ရေးကိုလည်း အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် မျိုးဆက်သစ်လူငယ်များအကြား ရိုးရာယဉ်ကျေးမှုအပေါ် မြတ်နိုးတန်ဖိုးထားမှုနှင့် အမျိုးသားရေးစိတ်ဓာတ်များ ခိုင်မာရှင်သန်စေရေးအတွက် အနုပညာရှင်များနှင့် တာဝန်ရှိသူအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။
ယင်းနောက် နိုင်ငံတော်သမ္မတက အဆို၊ အက၊ အရေး၊ အတီး အကဲဖြတ်လုပ်ငန်းအဖွဲ့များမှ ဥက္ကဋ္ဌများဖြစ်ကြသည့် အလင်္ကာကျော်စွာ ဒေါ်ရွှေကူနန်းနွဲ့နွဲ့၊ အလင်္ကာကျော်စွာ ဦးအောင်တင်ဝင်း၊ အလင်္ကာကျော်စွာ ဒေါက်တာမောင်မောင်လတ်နှင့် ဦးစောဝင်းတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့အတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အုပ်ချုပ်သူများကိုယ်စား ရှမ်းပြည်နယ်မှ အုပ်ချုပ်သူတစ်ဦး၊ အခမ်းအနားမှူးများကိုယ်စား အခမ်းအနားမှူးတစ်ဦးနှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ်တို့ကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတသည် တက်ရောက်လာသူများနှင့်အတူ ဂုဏ်ပြုညစာသုံးဆောင်ခဲ့ပြီး ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊ ပြိုင်ပွဲဆုရရှိသူများ၊ တိုင်းရင်းသားရိုးရာနှင့် ကျေးလက်ရိုးရာအကအဖွဲ့များ၊ ဝါရင့်အနုပညာရှင်ကြီးများ၏ သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။