ရန်ကုန်-ပုသိမ်ခရီးစဥ်ကို EV ကားများဖြင့်ပြေးဆွဲမည်

ရန်ကုန်-ပုသိမ်ခရီးစဥ်ကို ZHONG TONG EV ယာဥ်များဖြင့်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၉ ရက်ကကျင်းပသည့် ဧရာဝတီတိုင်းဒေသကြီးမော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း၏ ယာယီတိုင်းဒေသကြီးအလုပ်အမှုဆောင်အဖွဲ့(REC)ဖွဲ့စည်းခြင်းအခမ်းအနားမှသိရသည်။

အဆိုပါ EV ယာဥ်များဖြင့်ပြေးဆွဲရန်ပြင်ဆင်ထားမှုကို အခမ်းအနားတွင် ပြသထားခြင်းဖြစ်ပြီး ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့ပြင် REC ဖွဲ့စည်းရာတွင်လည်း တိုင်းဝန်ကြီးချုပ်က မော်တော်ယာဉ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် ကားအလရောင်းအဝယ်လုပ်ငန်းတိုးတက်ရေးတစ်ခုတည်းမဟုတ်ဘဲ ဒေသ၏ ထုတ်လုပ်မှု၊ ကုန်စည်စီးဆင်းမှု၊ အလုပ်အကိုင်နှင့် ပြည်သူများ၏ နေ့စဉ် လူမှုစီးပွားဘဝကိုပါ အထောက်အကူပြုနိုင်သည့် ကဏ္ဍတစ်ခုဖြစ်သည်ဟု ပြောကြားသည်။

ထို့ကြောင့် မော်တော်ယာဉ်ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းနှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများကို သက်ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရန်လိုသည်ဟု မှာကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (MAMDA)ဥက္ကဋ္ဌက အသင်းဖွဲ့စည်းခြင်း၏ ရည်ရွယ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

image