တောင်ဥက္ကလာပက နာမည်ကြီး သုံးရောင်ခြယ်ဘိုးတော် မုဒိမ်းမှုနဲ့ ဖမ်းဆီးခံထားရ
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်က နာမည်ကြီး လောကီဆရာတယောက်ဖြစ်သူ ကျော်နိုင် (ခ) “သုံးရောင်ခြယ်ဘိုးတော်” ကို တပည့်မဖြစ်သူကို အဓမ္မပြုကျင့်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ သက်ဆိုင်ရာနယ်မြေ ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
တောင်ဥက္ကလာပမြို့နယ်၊ (၁၅) ရပ်ကွက်မှာနေထိုင်ပြီး သာသနာပြု ဘွဲ့နှစ်ဘွဲ့ ရရှိထားတယ်လို့ အမည်ခံထားတဲ့ သုံးရောင်ခြယ်ဘိုးတော် ဆိုသူဟာ တပည့်မဖြစ်သူကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ဟိုတယ်တခုကို သုံးကြိမ်တိုင်တိုင် ခေါ်ဆောင်ကာ အဓမ္မ ပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
“စွပ်စွဲခံရသူကို သူ့ရဲ့နေအိမ်မှာပဲ ဖမ်းဆီးခဲ့တာပါ။ လောလောဆယ်တော့ စစ်ဆေးမေးမြန်းနေဆဲ အဆင့်မှာပဲ ရှိပါသေးတယ်” လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
တရားလိုဖြစ်သူ အမျိုးသမီးငယ်ရဲ့ တိုင်ကြားချက်အရ စွပ်စွဲခံရသူကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မြောက်ဒဂုံ မြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၇၆ (မုဒိမ်းမှု) နဲ့ အမှုဖွင့်ထားတယ်လို့ သူက ပြောပါတယ်။
ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ ပြစ်မှုထင်ရှားပါက ကျူးလွန်သူကို ထောင်ဒဏ် နှစ် ၂၀ ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ သိရပါတယ်။
မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးဟာ အသက် ၁၂ နှစ်အောက်ဖြစ်ပါက ပြစ်မှုကျူးလွန်သူကို ထောင်ဒဏ် တသက်ဖြစ်စေ၊ ထောင်ဒဏ် အနှစ် ၂၀ အထိဖြစ်စေ ချမှတ်နိုင်တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ပြည်သူလူထုကြား ဝေဖန်မှုတွေရှိနေပြီး ဘိုးတော် အယောင်ဆောင်တွေဟာ ဘာသာရေး၊ အယူသီးမှုနဲ့ ယတြာတွေကို ခုတုံးလုပ်ကာ အမျိုးသမီးငယ်တွေကို လှည့်ဖြားပြီး အဓမ္မပြုကျင့်မှုတွေကို ကျူးလွန်လေ့ရှိကြတာကြောင့် အထူးသတိပြု ဆင်ခြင်ကြဖို့ သတိပေး ပြောဆိုနေကြပါတယ်။